သံသာစက်၌ အပိုင်း ( ၆ )
ဂျင်ကလိ ရေးသည်။
“သူ့မှာလဲ hand phone ရှိတယ်ဆရာ၊ ဆက်ချင်ရင် အချိန်မရွေးဆက်လို့ရတယ်”
မေနှင်းဦး၏ ချစ်သူ ကို ကျွန်တော် မမြင်ဖူး၊ မသိကျွမ်းဖူး သည့်အတွက် ဖြစ်နိုင်ချေ ပြောရန် ခက်ပါသည်။ ထို့ကြောင့် စကားလမ်းလွှဲ လိုက်ရသည်။
“ဟုတ်ပါပြီ၊ ဒါဆိုလဲ ဇာတ်လမ်းလေး နည်းနည်း ရှင်းပြပါလား၊ ငယ်ကျွမ်းဆွေ တွေ ဆိုတော့ မူလတန်းလောက် ထဲက ဇာတ်လမ်းကို စခဲ့ကြမှာပေါ့”
“ဟာ …ဆရာကလဲ”
မေနှင်းဦး ရှက်သွားသည်။ ပြောသင့် မပြောသင့်ချိန်ဆနေပုံရသည်။ အနည်းငယ်တွေေ၀ သွား ၏။ စိတ်ပြေလက်ပျောက်ဖြစ်စေရန် ကျွန်တော် ဆက်စ သည်။
“ဒါ ဆို မူကြို ကထဲကလား”
“ပိုဆိုးလာပြန်ပါပြီ၊ ကဲကဲ… ဒီလို ဆရာရေ”
ကျွန်တော်က ဘာရယ်မဟုတ်နောက်သလိုလို လုပ်နေခြင်းဖြစ်သော်လည်း မေနှင်းဦး က သေသေချာချာ ရှင်းပြသည်။ သူ့ချစ်သူ နှင့်ပတ်သက်ပြီး အမှန်တကယ် ပင်စိတ်ရှုပ်ထွေးပြီး အဖြေမှန် ကိုသိလိုပုံရသည်။ ထို့ကြောင့်လည်း လေးလေး နက်နက် နားထောင်ပေးဖို့ ဆုံးဖြတ်လိုက်၏။ ကျွန်တော့်ကိုရေရေရာရာ နားလည်စေလို၍လား မသိပါ အစမှ နေပြီး မေနှင်းဦး ရှင်းပြသည်။
“သူငယ်ချင်း ပေမယ့် ဆယ်တန်းရောက်မှ တခန်းထဲဖြစ်တာ ဆရာရဲ့၊ ကိုးတန်း အထိက ဆက် ရှင် မတူတော့ မရင်းနှီးကြဘူး၊ ဆယ်တန်းရောက်တော့မှ ကျူရှင်မှာလဲ ဝိုင်းတဝိုင်းထဲ တက်ဖြစ်ရင်း ခင်သွားကြတာ”
ဆယ်တန်းအောင်သည် အထိချစ်သူတွေ မဟုတ်ကြသေးဟု ဆိုသည်။
“ရိုးရိုး သူငယ်ချင်းတွေပဲလား”
မေနှင်းဦး မျက်နှာမှာ ရှက်ပြုံးလေးပေါ်လာသည်။
“ဒါပေမယ့် ဆရာရယ်၊ နဲနဲ အီစီကလီလေး တွေတော့ ရှိတာပေါ့”
တက္ကသိုလ် တက်ကြသောအခါ သူတို့လုံး၀ ကွဲကွာသွားကြသည်။ မေနှင်းဦးက ရန်ကုန်မှာ၊ သူ့ကောင်လေးက မေမြို့မှာ ကျောင်းတက်ရသည်။
“စာတွေဘာတွေ မရေးကြဘူးလား”
“မရေးဖြစ်ပါဘူး ဆရာရယ်၊ မေ့မေ့ ပျောက်ပျောက်လို့တောင်ပြောလို့ရတယ်။ မေနှင်းကလဲ ကျောင်းတနှစ်ပဲ တက်ဖြစ်တယ်။ အဝေးသင်ပြောင်းပြီး အလုပ်ထဲဝင်လာတာ”
“ဒါဆိုရင် ဘယ်လိုကနေ ဘယ်လို ပြန်ဆက်ဖြစ်တာလဲ”
“ကျောင်းပြီးကြတော့ မှဆရာရဲ့၊ မေနှင်းက မိန်းထဲမှာ အင်္ဂလိပ်စာ ဒီပလိုမာ သွားတက်တယ်။
သူကလည်း အလုပ်ကနေ လွှတ်လို့ ရန်ကုန်မှာ မာစတာလာတက်တယ်၊ အဲဒီမှာ ပြန်တွေ့ တာ”
ငယ်သူငယ်ချင်းတွေ ဆိုတော့ ပြန်တွဲမိကြသည်။
“အထက တုန်းက သူငယ်ချင်းတွေလည်း ကျောင်းထဲမှာ ဟိုသင်တန်းတက်၊ ဒီသင်တန်းတက် နဲ့ ရှိနေကြတော့ တရုန်းရုန်း ပြန်လုပ်ကြရင်း နဲ့”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ သဘောပေါက်ပါပြီ”
“ဆရာနော် ..မနောက်နဲ့”
“မနောက်ပါဘူး၊ မမေနှင်းရဲ့၊ အဲဒီ အပိုင်းကို သဘောပေါက်ပါတယ်လို့ ပြောတာ၊ ဆက်ပါဦး အခု မမေနှင်း သူ့ကို အကျေမနပ် ဖြစ်နေရတဲ့ အကြောင်းကို”
“မဟုတ်ဘူး ဆရာရဲ့၊ သူ့ကိုလက်ခံလိုက်မိတဲ့ အကြောင်းက အခုပြန်တွေးလိုက်ရင် ဇဝေဇဝါ နဲ့”
“ဆိုပါဦး”
“သူကလည်း အရမ်းကို ဖြစ်ပြနေတာဆရာ၊ သူငယ်ချင်းတွေကလဲ ဖိတ်ချင်းဖိတ် ကိုယ့်အိတ် ထဲ ဖိတ်ဆိုတဲ့ သဘောပေါ့၊ အကုန်သူ့ဖက်ကလေ”
“မမေနှင်းက သနားပြီးလက်ခံလိုက်တဲ့ သဘောလား”
“ဒီလိုလဲ မဟုတ်ပြန်ဘူး၊ သူ့ကိုချစ်တယ် လို့စိတ်ထဲက ထင်မိတာလဲပါတာကြောင့်ပါ၊ သူများ တွေတွန်းလို့ စိတ်ယောင်ရလောက်အောင် မေနှင်း မပျော့ညံ့ပါဘူး”
မေနှင်းဦးဆိုလိုရင်းကို ကျွန်တော် ဖမ်းမဆုပ်နိုင်အောင် ဖြစ်လာရသည်။ အရိပ်အကင်း ပါး သော မေနှင်းဦးကလည်း ရိပ်မိပုံရသည်။
“မေနှင်း ဆိုလိုချင်တာကဆရာရယ် … ဘယ်လိုပြောရမလဲ၊ အဲဒီအချိန်တုန်းက သူအသည်း အသန်ကိုဖြစ် နေတာဆရာမြင်စေချင်တယ်၊ ဒါကြောင့် လည်းသူငယ်ချင်းတွေက သူ့ဖက်က ဖြစ်ကုန်ကြတာ၊ မေနှင်း ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ၊ သူ့ဖက်က အားလုံးအဆင်သင့်၊ စီး ကရက် သောက်လှချည်လားလို့ ပြောမိတာနဲ့ ချက်ချင်းဖြတ်တယ်၊ ဒီလိုမျိုး”
ကျွန်တော် တွေးမိသလောက်ဆိုလျှင် ဟိုအရင်က သူမအတွက်အရာရာ ဖြစ်ခဲ့သူက အခု အချိန်မှာ အေးတိအေးစက် လိုဖြစ်နေခြင်း ကို အားမရနိုင် နားမလည် နိုင်အောင် ဖြစ်နေ ပုံ ရသည်။
“ဒီမှာ မာစတာပြီးတော့ နိုင်ငံခြားဆက် သွားလို့ရတာတောင် မသွားဘူးဆရာ၊ မေနှင်း နဲ့ အဝေးကြီး မခွဲနိုင်လို့တဲ့”
လိုချင်တာရှိလျှင် ဖျာလိုလိပ်ထိပ်ပေါ်တင်တတ်ကြသည့် မဟာပုရိသ တို့၏ သဘောကို မေနှင်းကို ပြောပြချင်သော်လည်း ပြောရန်မသင့်ဟုထင်မိသည်။ တဖက်မှာလည်း သူ့အကြောင်းနှင့် သူရှိနေနိုင်ရာ ကြားထဲက မှတ်ချက်ပေးရန် မသင့်ဟုကျွန်တော် မြင်သည်။
“သူ့ဖက်ကနေ ဖုန်းတွေဘာတွေ မဆက်ဘူးဆိုတော့ မမေနှင်း ကရော ခေါ်ဖြစ်သေးလား”
“အရင်ကတော့ ပြောစရာ အကြောင်းရှိရင် မေနှင်းဖက်က စခေါ်ဖြစ်တယ်ဆရာ၊ ခုနောက် ပိုင်း တော့ မခေါ်တော့ဘူး၊ ပြောစရာအကြောင်းလည်း မရှိတော့ပါဘူး”
ဘယ်လို အကြံပေးလျှင်ကောင်းမည် နည်းဟု ကျွန်တော် မေနှင်းစကားတွေကို နားထောင် ရင်းအပြေးအလွှား စဉ်စားနေမိသည်။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်စေချင်၏။
“တခြားသူငယ်ချင်းတွေကိုရော မမေနှင်းနဲ့ ပတ်သက်လို့ သူဘာပြောသလဲ”
“ဘာမှ မပြောဘူးတဲ့ ဆရာ”
“ဒီလို ရှိတယ် မမေနှင်း၊ သူ့မှာလဲ တာဝန်တဖက်နဲ့ ဆိုတော့ တခြားအကြောင်းအရာတွေ ရှိ ချင်လည်း ရှိမယ် ဒီတော့ သူ့သဘောထားဘယ်လို ရှိမယ် ဆိုတာကို အလျှင်စလို မဆုံးဖြတ် ဘဲ နဲ့ ခနစောင့်ကြည့်ပါလား”
“စောင့်ကြည့်နေတာ တနှစ်လောက်ရှိပြီဆရာ”
တဖက်မှာမည်သို့သော အကြောင်းအရာရှိသည်ဖြစ်စေ မေနှင်းဦး စိတ်မရှည် နိုင်အောင်ဖြစ် ရသည် မှာလည်း မလွန်ဟုထင်သည်။
“သူ အလုပ်အားမယ့် အချိန်မျိုးမှာ ဖုန်းဆက်ပြီးဆွေးနွေးကြည့်ပါလား”
“မေနှင်း ဖက်ကတော့ စမဆက်ချင်ဘူး၊ ဈေးကျတယ်”
“ဒါဆိုလဲ လူကိုယ်တိုင်တွေ့ မှပြောပေါ့၊ သူ ရန်ကုန်လာတဲ့ အခါ သူငယ်ချင်းတွေ နဲ့တော့ တွေ့တယ် မဟုတ်လား၊ သူငယ်ချင်းတွေ ကို မှာထားလေ၊ သူရောက်လာရင် မေနှင်းက စကား ပြောချင်တယ်လို့၊ တွေ့တဲ့ အခါ ပွင့်ပွင့်လင်းလင်း မေးကြည့်ပေါ့၊ သူ့ဖက်မှာ ဘာအခက်အခဲ တွေ ရှိနေသလဲဆိုတာ”
“မေနှင်းကို သူမချစ်တော့လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့ နော်၊ ဆရာ”
“ဒီလိုတော့ တရားသေ ပြောလို့ မရသေးဘူးလေ မမေနှင်းရဲ့၊ သူ့ဖက်က အခြေအနေ ကိုမှ မသိသေးတာ”
“မေနှင်းကတော့ ဆရာများ အကြံဉာဏ်ပေးနိုင်မလား မှတ်ပါတယ်၊ အပြီးသတ်ကျတော့ သူ တို့ ယောက်ျားချင်း ဖက်ကပဲရပ်တာပဲ”
မကျေနပ်သလို ပြောလာသော မေနှင်းဦးသည် ကျွန်တော်အရင်က သိခဲ့သည့် မေနှင်းဦး နှင့် မတူဘဲ သာမန် မိန်းမပျိုလေးတယောက်လို ဖြစ်နေပြန်သည်။
“ဒါဖြင့်ရင်လည်း သူရန်ကုန် လာတာနဲ့ ကြုံကြိုက်ရင်း ကျွန်တော် နဲ့ မိတ်ဆက်ပေးလေ၊ ကျွန် တော် အကဲခပ်ပေးမယ်”
“အို … မိတ်ဆက် မပေးပါဘူး၊ ဘာလို့ မိတ်ဆက်ပေးရမှာလည်း”
ပြောပြောဆိုဆို ကျွန်တော့် အခန်းထဲကနေ ကောက်ခါငင်ခါ ထထွက်သွားသည်။ ထို့နောက် ပိုင်း တွင် သူမ၏ ရည်းစားနှင့် ပတ်သက်ပြီး မေနှင်းဦး ကျွန်တော့် ကို လုံး၀ မပြောတော့။ အ ကြောင်းတိုက်ဆိုင်၍ ကျွန်တော်က သတိတရ မေးမိလျှင်ပင် စကားလမ်းကြောင်း ပြောင်းပစ် တတ်သည်။ ထို့ကြောင့် ကျွန်တော်လည်း အလိုက်တသိပင် ဒီအကြောင်း စကားမစပ်ဖြစ် အောင် နေလိုက်သည်။
ရုံးက မိန်းကလေး အများစုမှာရည်းစားရှိကြသည်။ ရုံးကို ဖုန်းဆက်သူတွေ၊ ညနေရုံးဆင်းချိန် ရုံးရှေ့မှာ လာကြို သူတွေ၊ မှတ်တိုင်ကစောင့်သူတွေ အသီးသီးရှိကြသည်။ မေနှင်းဦး သည်ပင် သူမ မှာချစ်သူ ရှိကြောင်းဝန်ခံခဲ့သည်။ ပုလဲရည် ဆီကတော့ ဒါမျိုးတွေ မကြားရပါ။
“ဘယ် သူမှလည်း လာမကြို ပါလား”
ဟု ကျွန်တော် ကနောက်သော အခါ
“တယောက်ထဲ ဆိုရင်တော့ ဟုတ်တာပေါ့ ကိုလင်းရယ်၊ ရည်းစားတွေ များလွန်းလို့ လာကြို ခိုင်း ရင် လမ်းမှာ တယောက် နဲ့ တယောက်သတ် ကုန်ကြမှာပေါ့”
ပုလဲရည်က မေနှင်းဦးလို လှပသည် ဟု မဆိုနိုင်သော်လည်း သူ့အတိုင်းအတာနှင့်သူ ချစ်စရာ ကောင်းပါသည်။ ပုလဲရည်ကို မြင်ရသည့် ယောက်ျားလေးတွေ အနေဖြင့် နှစ်သက် သဘော ကျ ကြမှာ မလွဲဟု ယူဆသည့် အတွက် ပုလဲရည်မှာ ရည်းစား ရှိကောင်းလည်း ရှိနေ နိုင်၏။ ပုလဲရည်က ချစ်စရာ ကောင်းသော်လည်း မေနှင်းဦး နှင့် အတူတူ ယှဉ်လိုက်လျှင် တော့ အရုပ် ဆိုးသွား သ ယောင် ထင်ရသည်။ သူမဖာသာ တယောက်ထဲဆိုလျှင် အရပ်မြင့်သည့် မိန်းက လေး တယောက်ဟု သတ်မှတ်ခံရသည့် ပုလဲရည်သည် မေနှင်းဦး နှင့် ယှဉ်လျှင် တလက်မ လောက်တော့ နိမ့်၏။ အသားအရည် ချောမွေ့ လှပမှု မှာတော့ မတိမ်းမယိမ်း ဖြစ် သည်။ ပုလဲ ရည်က ပိန်ပိန်သွယ်သွယ် နှင့် ကြည့်ရအဆင်ပြေသော မိန်းကလေး ဖြစ်သော်လည်း မေ နှင်းဦးကတော့ သူမ၏ အရပ်အမောင်း နှင့် အချိုးညီစွာ ပြေပျစ် တင့်တယ်သည့် ကိုယ်ဟန် ရှိသည်။ အမြဲလိုကြည်လင်တောက်ပ နေတတ်သည့် မျက်နှာ ထားကြောင့် ပုလဲရည် သူမ ဘေးမှာ မှိန်ဖျော့ သွားခြင်းသည် အဆန်းတကျယ်တော့ မဟုတ်ပါ။
တခါတလေ ကျွန်တော့် အခန်းထဲမှာ သူတို့ နှစ်ယောက်ဆုံ မိကြလျှင် ပုလဲရည် မျက် နှာက နည်းနည်းစူ နေတတ်သည့် အခါ ကြည်လင်တောက်ပ သောမေနှင်းဦး ဘေးမှာ ဘဲရုပ် ဆိုး လေးလို ဖြစ်နေ၏။ သို့သော်လည်း ချစ်စရာကောင်းသော ဘဲရုပ်ဆိုးလေးဟု ကျွန်တော် ထင်မိပါသည်။
...................................................
ရုံးကလူ အများစုက ကျွန်တော့် အခန်းထဲရောက်ရောက်လာ တတ်ခြင်းသည် အင်တာနက် သုံး ဖို့ဖြစ်သည်။ ပုလဲရည်ကတော့ အားလျှင်အားသလိုရောက်လာတတ်သည်။ ကိစ္စ ထွေ ထွေ ထူးထူး မရှိလည်း သူမ အလုပ်အားလျှင်ကျွန်တော် နှင့်လာစကားပြော နေတတ်သည်။
တခြားလူတွေလိုပင် မေနှင်းဦး ရှိလျှင်တော့ မလာတတ်ပါ။ မေနှင်းဦး လည်းတခါတလေ ကျွန်တော့် ဆီရောက်လာတတ်သည်။ များသော အားဖြင့်တော့ သူမ၏ တယ်လီဖုန်းကို charging သွင်းဖို့ဖြစ်သည်။ အပေါ်ထပ်မှ ပလပ်ပေါက်တွေ နှင့် အဆင်မပြေဟု ပြောပြ သည်။
တယ်လီဖုန်း ကိုပလပ်ပေါက် မှာထိုးထားပြီး ကျွန်တော် နှင့် စကားပြောလျှင်ပြော မပြောလျှင်အပြင်ခန်းက ရုံးအဖွဲ့တွေ နှင့် စကားသွားပြော နေတတ်သည်။ တရက်တွင် charging သွင်းထားခိုက် ဖုန်းမြည်လာသည်။ မေနှင်းဦးက အပြင်ခန်းမှာ ရှိနေ သည့် အတွက် ဖုန်းကို ပလပ်ဖြုတ်ပြီးကျွန်တော် သွားပေးသည်။
“အားနာ လိုက်တာဆရာရယ်”
ဖုန်းကိုလှမ်းယူရင်းပြောသည်။ သို့သော် ဖုန်းပေါ်က နံပါတ်ကို လှမ်းကြည့်ရင်း လှမ်း ယူသည့် လက်ကလေး နောက်သို့တွန့်သွားသည်။
“ဘာဖြစ်လို့လဲ မမေနှင်း”
သိသာလွန်းသည့် အမူအရာကြောင့် ကျွန်တော် မနေနိုင်ဘဲ မေးမိသည်။
“ဘာမှ မဟုတ်ပါဘူးဆရာရယ်”
မေနှင်းချီတုံချတုံဖြစ်နေစဉ် ဖုန်းမြည်သံကရပ်သွားသည်။ ကျွန်တော့်လက်ထဲက ဖုန်းကိုလှမ်း ယူစဉ် မေနှင်းဦး သက်ပြင်းမသိမသာချလိုက်သည် ကို ကျွန်တော်သတိထားလိုက်မိသည်။ မေ နှင်းဦး ဖုန်းလေးကိုင်ပြီး အပေါ်ထပ်ပြန်တက်သွားသည် ကို လိုက်ကြည့်နေမိစဉ် ကျွန်တော့် ကို ပြုံးစစ နှင့်ကြည့်နေသော ပုလဲရည်ကို မျက်လုံးထောင့် မှာမြင်လိုက်ရသည်။ ကျွန်တော် သူမ ဖက်သို့ လှည့် လိုက်ချိန်တွင်တော့ တဖက်သို့ မျက်နှာလွှဲသွား၏။ ကျွန်တော်လည်း အလုပ် ရှိသေး၍ ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်ခဲ့သည်။
ဆယ့်ငါးမိနစ် လောက်အကြာတွင် မေနှင်းဦးပြန်ရောက်လာသည်။ ဖုန်းကို charger မှာ ပြန် တပ်ပြီးနောက် ကျွန်တော့် ရှေ့ကခုံတွင်ဝင်ထိုင်လိုက်သည်။ သို့သော်လည်း စကားတခွန်းမှ မပြောဘဲ တံခါး၀ ဖက်ကိုငေး နေသည်။ တခုခု စဉ်းစားနေမှန်း မျက်နှာ လှလှ လေးမှာမြင်နေရ၏။ ဘာကြောင့်လည်း ဟု မေးချင်သော်လည်း မေးရန်မသင့်၍ ကျွန်တော်လည်း ကိုယ့် အလုပ် ကိုယ်လုပ်နေလိုက်သည်။ ခနလောက်ကြာတော့ မှ ဆိုင်းမဆင့်ဗုံမဆင့် နှင့်
“ဟိုတယောက်လေ”
“ဗျာ”
“အော် .. ဆရာကလဲ၊ ဟိုတယောက် ဆိုတာ ဟိုတယောက်ပေါ့”
ဒီတော့ မှ ကျွန်တော်လည်း သတိရသွားသည်။
“သိပြီ၊သိပြီ၊ ဘာတဲ့တုန်း”
“မေနှင်းလဲ သိချင်တာနဲ့ ပြန်ဆက် လိုက်တာ၊ ရှေ့လဆန်း လောက်ရန်ကုန်လာမယ်တဲ့”
“အဆင်ပြေတာပေါ့၊ မမေနှင်း ကလဲ တွေ့ချင်နေတာ မဟုတ်လား”
မှုန်နေသော မေနှင်းဦး မျက်နှာ လေးမှိုင်းသွားသည်။ ကျွန်တော့် ကို တချက်တွေကြည့် လိုက် ပြီးမှ သက်ပြင်းချလိုက်ရင်း
“တွေ့ချင်တယ်ရယ်လို့တော့ မဟုတ်ပါဘူး ဆရာရယ်၊ မေနှင်း အနေနဲ့က အခြေအနေ တခု ကို ပြတ်ပြတ်သားသား သိချင်တာတခုပါပဲ၊ တကထဲမှပဲ ဒီလို မှန်းသာသိရင် ရည်းစား မထားပါ ဘူး”
“သူ့ဖက်က အကြောင်းအရာခိုင်ခိုင်လုံလုံ နဲ့ ရှင်းပြနိုင်မယ် ဆိုရင်ကော”
“မသိဘူး ဆရာ”
အမြဲလို တည်ငြိမ်အေးဆေး စွာမြင်ရတတ်သည့် မိန်းကလေး၏ စိတ်ရှုပ်ထွေးနေမှု ကို မြင်ရ သောအခါ ကျွန်တော် သနားသလိုဖြစ်မိသည်။ တပြိုင်ထဲမှာပင် မိန်းမလှ တို့မည်သည် စိတ် ညစ် နေလျှင်လည်း လှနေတတ်ကြောင်းကိုပါ သတိပြုလိုက်မိသည်။
“အရင်က တော့ သူ့ကို တွေ့ပြီး မေးချင်တယ်၊ ရှင်းလိုက်ချင်တယ်၊ ဒါပေမယ့် အခုကျတော့ တွေ့ရမှာ မတွေ့ချင်တော့သလိုပဲ”
မေနှင်းဦး ဘာဖြစ်နေမှန်း ကို ကျွန်တော် နားလည် သလိုလိုရှိသည်။ ထို့ကြောင့် လုပ်လက်စ ကိုရပ်လိုက်ပြီး အားပေးဖို့ ပြင်လိုက်သည်။
“ရလဒ် ဆိုးဆိုး တခုထွက်လာမှာ ကို စိုးရိမ် နေတာလား”
“အဲဒါက တွေးကြည့် နေတာကြာပြီ။ တုန်လှုပ်မယ် မထင်တော့ပါဘူး။သူနဲ့ ကင်းကင်းရှင်းရှင်း
ဖြစ်သွားရင် အေးတယ် လို့တောင် တခါတခါ တွေးမိတယ်”
“ဒါဆို မမေနှင်းက သူနဲ့ ဘာကြောင့် မတွေ့ချင်တာလဲ”
“မသိပါဘူး ဆရာရယ်၊ စိတ်ရှုပ်တာပဲ သိတော့တယ်”
ဘာကြောင့်စိတ်ညစ်သွားသည်ကို ထပ်မေးမနေတော့ဘဲ လမ်းကြောင်း နည်းနည်းလွှဲ လိုက် သည်။
“အခုလာမယ့် လဆန်းပိုင်း ဆိုရင် ကျွန်တော်လည်းရန်ကုန် မှာမရှိဘူး ခရီးသွားရဦးမယ်”
မေနှင်းဦးက စားပွဲတင်ပြက္ခဒိန် ကိုဆွဲယူကြည့်လိုက်ရင်း
“ဘယ်လောက်ကြာမလဲ ဆရာ”
“တပတ် ကျော်လောက်တော့ကြာမယ် ထင်တယ်”
“ဟုတ်လား၊ ဒါဆိုရင် မိတ်ဆက်ပေးလို့ မရတော့ဘူးပေါ့”
“နောက်ကြုံဦးမှာပေါ့”
“ကြုံမယ် မထင်တော့ပါဘူး”
“ဒီလိုလဲ တရားသေပြောလို့ မရဘူးလေ၊ အခြေအနေ ဆိုတာ ဘာမှကြိုတင် သိနိုင်တာ မှ မဟုတ်တာ”
“အခြေအနေ တခုကို ကြိုသိတာကောင်းလားဆရာ”
“အဲဒါတော့ ကျွန်တော် လဲမပြောတတ်ဘူးဗျ။ ဗေဒင်ဆရာမှ မဟုတ်တာ၊ ဗေဒင်ဆရာဆိုရင် တော့ ကြို သိတာကောင်းတယ်ပြောမှာပေါ့”
“ဟုတ်တယ်နော်၊ အားမှပဲ ဗေဒင်လေး ဘာလေးသွားကြည့် လိုက်ဦးမယ်”
ဟိုဟိုဒီဒီ စကားအနည်း ငယ်လောက်ဆက်ပြောနေပြီး မေနှင်း ဦးပြန်ထွက်သွားသည်။ ကျွန် တော် လည်း ခံတွင်းချဉ်လာ၍ ဆေးလိပ်သောက်ဖို့ ရုံးပြင်ထွက်လာခဲ့၏။ ပုလဲရည်က သူမ စားပွဲကနေ အကဲခတ် သလိုလှမ်းကြည့် နေသည်။ စီးကရက် တလိပ်ကုန် ပြီးကျွန်တော် အ ထဲ ပြန်ဝင်အလာတွင် သန ္တာက
“ဆရာ၊ အပြန် ကျရင်သမီးလိုက်မယ် သိလား၊ မြို့ထဲဝင်စရာ ရှိလို့”
“လိုက်ခဲ့လေ၊ ပုလဲ ရောလိုက်ဦး မှာလား”
ပုလဲရည် နှာခေါင်းရှုံ့ပြသည်။ ရုံးက လူတွေ က ကြုံလျှင်ကြုံ သလို ကျွန်တော့် ကား နှင့် လမ်း ကြုံ လိုက်လေ့ ရှိသော်လည်း ပုလဲရည် ကတော့ ဘယ်တော့မှ မလိုက်။ သွားမည့် ခရီး နှင့် လမ်းကြောင်းသင့် သည့်တိုင်အောင် ခေါ်လို့မရပါ။
“ကားစုတ်ကြီး၊ မစီးချင်ပါဘူး”
ဟု ပြော တတ်သည်။ အပြန်ဆိုလျှင် သူမဖာသာ ကားမှတ်တိုင်ကို လမ်းလျှောက်သွားတတ်သည်။ တချို့တွေက အနီးဆုံး မှတ်တိုင်အထိ ကျွန်တော့် ကားနှင့် လိုက်လာကြသည်။ ပုလဲရည် ကိုမှတ်တိုင် အထိ လိုက်ဖို့ခေါ်ကြသော်လည်း ဘယ်လိုမှ ခေါ်မရပါ။
“ကားသစ် ဝယ်စီး မှလိုက် မယ်”
ဟု ကျွန်တော့် ကို ပြန်စတတ်သည်။ အခုလည်း မလိုက်မှန်း သိနေသောကြောင့် ကျွန်တော်က ဆက်စသည်။
“လိုက်ခဲ့ပါ ပုလဲ ရဲ့၊ စားချင်တာ ဝယ်ကျွေးမယ်၊ လိုချင်တာ ဝယ်ပေးမယ်၊ ငါ့ ကားကို သာ တည နေလောက် လိုက်စီးပေး”
“အသစ်ဝယ်ပြီးရင် စီးပါမယ်ဆို၊ ပိုက်ဆံ မရှိတာလဲ မဟုတ်ဘဲ နဲ့ ကပ်စေး နည်းနေပြီးတော့”
“လိုက်ခဲ့ပါ ပုလဲရယ်၊ ဆရာက ဒီလောက်တောင် ခေါ်နေတာကို၊ အမ တို့လဲ ပုလဲ နဲ့ ကပ်စားရတာပေါ့”
“မလိုက်ပါဘူး၊ ဒီညနေမှ ဘယ်လိုတွေဖြစ်ပြီး စေတနာကောင်းနေသလဲ မသိဘူး၊ သွေးပျက် နေကြတာ ဖြစ်မယ်”
“ဘာသွေးပျက်တာလဲ ပုလဲ ရဲ့”
ပုလဲရည် စကားကို ကျွန်တော် နားမလည် သလို သန ္တာလည်း နားမလည်ပါ။
“ထင်တာပြောတာပါ မသန ္တာရယ်၊ သွေးပျက် နေကြသလားလို့ပါ၊ ဘာကြောင့် ဘယ်လို သွေး ပျက်နေကြတယ် ဆိုတာတော့ မသိဘူး”
ပုလဲရည် စကားကို ကျွန်တော် နားမလည်ပါ။ သန ္တာ့ကိုကြည့် လိုက်တော့လည်း ကျွန်တော့် ကို ပြန်ကြည့်သည်။ ဘာလဲ ဟုမေးချင်သည့် အရိပ်ကို သန ္တာ့ မျက်နှာမှာ တွေ့ရသည်။ ပုလဲရည် မမြင်အောင် လက်ခါပြပြီး ခေါင်းကိုပါ လက်ညိုးထိုးပြလိုက်သောအခါ သန ္တာ တဖက်သို့ လှည့် ပြီးရယ်တော့၏။
“အောင်မာ လူကိုများ အရူးထင်နေသလား၊ မြင်တယ်နော်”
ပုလဲရည် မကျေမနပ် နှင့် ထအော်တော့ ကျွန်တော်တို့ ရယ်မိကြသည်။ ရယ်သည့် အတွက် ပို မကျေနပ်သွားသော ပုလဲရည်က သန ္တာ့ကိုလက်သီးနှင့် ထုသည်။ သန ္တာက ရှောင်ရင်းတိမ်း ရင်း
“ဆရာရေပြေးတော့၊ တော်ကြာဆရာ့ ဆီပါဆက်လာလိမ့်မယ်”
ကျွန်တော့် အခန်းရှိရာဖက် ပြန်အလာတွင် ပုလဲရည် နောက်ကနေပြေးလိုက်လာ၏။ အခန်း၀ ရောက်သောအခါ အောက်က ပုလဲရည် ပါမလာ၍ လှည့်ကြည့်လိုက်ရာ နောက်ကို ပြန်လှည့် သွားသော ပုလဲရည် နှင့် လှေခါးအတိုင်း ဆင်းလာသော မေနှင်းဦးကို မြင်လိုက်ရသည်။ မေနှင်းဦး မျက်နှာက အရင်လိုကြည်ကြည်လင်လင် ပြန်ဖြစ်နေ၏။
“ခုလောက် ဆို ဘက်ထရီ ပြည့်လောက်ပြီ ထင်တယ်နော်”
...........................................
ကျွန်တော့် ခရီးစဉ် ကိုတပတ်လောက်ကြာမည်ဟု မူလက ထင်ထားသော်လည်း ဆယ်ရက် ကျော် ကြာသွားသည်။ အသွားအပြန် လမ်းမှာ ကြာမြင့်ချိန်နှင့် ဆိုလျှင် နှစ်ပတ်ခန့် ရုံး မတက် ဖြစ်တော့ပါ။ ကျွန်တော် ရုံးကို ပြန်ရောက်လာသည့် နေ့က ကားနားအထိပြေးထွက်လာ ပြီး ဝမ်းသာအားရ ကြိုသူမှာ ပုလဲရည်ဖြစ်သည်။
“ကိုလင်း ကလဲ ကြာလိုက်တာ၊ ပြောတော့ တပတ်ဆို”
“ဟုတ်တယ်၊ ဟိုမှာ နည်းနည်းကြာသွားတယ်”
“ဘာပါတုန်း”
ပုလဲရည် မေးတော့ မှ သူတို့ ဖို့ ဝယ်လာသော စားစရာထုပ် အိမ်မှာ မေ့ကျန်ခဲ့ပြီကို သတိရမိသည်။
“ဟာ … မေ့ခဲ့ပြီ”
“ဘာမှ ဝယ်မလာဘူးလား”
“ဝယ်လာတယ် ပုလဲ ရဲ့၊ ညက မိုးချုပ်မှပြန်ရောက်တော့ အိမ်ရောက်တာ နဲ့ တန်းအိပ်ပြီး မနက် ကျတော့ အိတ်ထဲမှာ မေ့ခဲ့တယ်”
“အင်းပါ၊ ပါတယ် ဆိုလဲပြီးတာပဲ၊ နောက်နေ့ ယူခဲ့ပေါ့၊ ပြန်ရောက်လာတာပဲ တော်ပါပြီ”
“ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ဘူး၊ ကားပေါ်က ဆင်းတော့”
ကျွန်တော့် ကို ကျောခိုင်းပြီး ရုံးထဲပြန်ဝင်သွားသည်။ မုန့်မေ့လာသည့် အတွက် ပုလဲရည် က ဘာမှ မပြောသော်လည်း ကျန်တဲ့သူတွေက ပွစိပွစိ လုပ်ကြသည်။ မနက်ဖြန် မမေ့ မလျော့ ယူလာပါ မည်ဆိုတော့ မှ ငြိမ်သွားကြ၏။ မစိန်ရီ ကတော့
“ဆရာက အကျင့်လုပ်ထားတာ ကိုး”
ဟု အပြစ်တင်သည်။ ပုလဲရည် ကတော့ တက်ကြွလန်းဆန်းနေတာကို သတိထားမိသည်။ အလုပ်အားတာနှင့် ကျွန် တော့် ဆီရောက်လာလိုက်၊ အလုပ်ပေါ်လျှင် ပြန်ပြေးလိုက် နှင့် ရှုပ်ယှက်ခတ် နေ၏။ မစိန်ရီ ကကျွန်တော့် ဆီ ကော်ဖီ လာပို့ရင်း မေးငေါ့သည်။
“သူ့ သူငယ်ချင်းကြီး ပြန်လာလို့ ပျော်နေတာလေ”
ကျွန်တော် ရယ်လို့သာ နေလိုက်သည်။ ကျွန်တော့်ထက် များစွာငယ်ရွယ်သည့် မိန်းကလေးတ ယောက်က သူငယ်ချင်းလိုပေါင်းသည့် အတွက်စိတ်အနှောက် အယှက် မဖြစ်မိပါ။ ပျော်စရာ ကောင်း သည်လို့ပင်ထင်မိပါသည်။ ဒီနေ့မှ မေနှင်းဦး ကလည်းရုံးမလာ သည့် အတွက် ပုလဲ ပို လွတ်လပ်နေဟန် ရှိသည်။ မေနှင်း ဦးကို မကြောက်သော်လည်း မေနှင်းဦး ရှိလျှင် ပုလဲရည်ကျွန်တော့် နားသိပ်ကပ်လေ့ မရှိပါ။
ခုတော့ မေနှင်းဦးလည်း မရှိသည့် အတွက် ကျွန်တော့် စာရင်းတွေကို ပင် သက်သက် ကိုယ် စား လာလုပ်ပေးသွားသေး၏။
“စာရင်းကိုင်လဲရတယ်လား”
“ရတာပေါ့၊ ဒါပေမယ့် လက်မှတ်တော့ မရှိဘူး၊ အရင်က သင်ထားတာ မေ့တေ့တေ့ တောင် ဖြစ် နေပြီ၊ ဒီအလုပ်ဝင်ဖြစ်မှ ပြန်နွှေးရတယ်”
ကျွန်တော်သိသလောက် ပုလဲရည် ကျောင်းပြီးတာ သိပ်မကြာသေးပါ၊ ကျောင်းတဖက် နှင့် သင်တန်းတွေ တက်ခဲ့ပုံရသည်။
“ဒါဖြင့် လည်း သင်တန်းပြန်တက်၊စာမေးပွဲ ဖြေပြီး လက်မှတ်ရအောင်ယူပေါ့၊ ကိုယ်က တတ် တယ် ဆိုပေမယ့် အောင်လက်မှတ် ရှိဖို့လဲ အရေးကြီးတယ်လေ”
“သင်ပြီးသားတွေ ပြန်မသင်ချင်ပါဘူး ကိုလင်းရယ် ပျင်းစရာကြီး”
“ဒါဆိုလဲ ရုံးလုပ်ရင်း စာပြန်နွှေးပြီး စာမေးပွဲဖြေပေါ့၊ ပုလဲ ဖြေမယ် ဆိုရင် စာမေးပွဲကြေး သွင်းပေးမယ်၊ ဒေါ်လာ တရာ့ လေးငါးဆယ်လောက်ပဲ ရှိတယ် မဟုတ်လား”
“ဒေါ်လာတွေ သိပ်ပေါနေတယ် ဟုတ်လား၊ နေဦး စာမေးပွဲ ဖြေဖို့တော့ မယူဘူး နိုင်ငံခြား ကိုShopping သွားဖြစ်မှပဲ ယူတော့မယ်”
“စာကြည့်ရမှာ ပျင်းရင် ပျင်းတယ်ပြော”
“ပျင်းတာ တော့ အမှန်ပဲ၊ ကိုယ်လဲ ဒီအလုပ် ကိုတသက်လုံးလုပ်စားမှာ မှ မဟုတ်တာ၊ ခေါင်း ရှုပ် မခံချင်တော့ပါဘူး”
“ဒီ အလုပ် မလုပ်ဘူးဆိုတော့ ပုလဲက ဘာလုပ်မှာလဲ”
ပုလဲ မျက်လုံးတွေမှာ တောက်ပ သည့် အပြုံးပေါ်လာသည်။
“ပိုက်ဆံ ရှိတဲ့ ယောက်ျား ရှာယူပြီး ထိုင်စားတဲ့ အလုပ် လုပ်မှာလေ၊ မကောင်းဘူးလား”
ပုလဲရည် ဒီလိုမိန်းကလေးမျိုး မဟုတ်ဟု ကျွန်တော့် စိတ်က သိနေပါသည်။ သို့သော်လည်း အလိုက် အထိုက်သဘောဖြင့်
“ကောင်းပါတယ်၊ ပုလဲ ရုပ်ရည်အရလည်း သူဌေးကတော် ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ပိုက်ဆံ ရှိတိုင်း လည်း မဖြစ်သေးဘူးလေ၊ လူကောင်းသူကောင်း ဖြစ်ဖို့လဲ လိုသေးတယ်”
“ဒါကတော့ ကိုယ့်လက်ထဲရောက်မှ ပြုပြင်လည်း ရတာပါပဲ ကိုလင်းရယ် .. ဟဲဟဲ”
အတည်ပေါက် နှင့် ပြောနေရာမှ ပုလဲရည် ထရပ်လိုက်သည်။
“အောင်မယ်လေး၊ ပိုင်းလုံးလုပ်စားမယ့် အစီအစဉ် လူသိကုန်တော့ မှာပဲ၊ သွားတော့မယ်”
ကျွန်တော့် ကို ပြောင်ပြရင်း အခန်းထဲကထွက်သွားသည့် ပုလဲ ကိုယ်သွယ် သွယ် နွဲ့နွဲ့ လေးကို ကြည့်ရင်း ကျွန်တော် သဘောကျစွာ ပြုံးလိုက်မိသည်။ နောက်နေ့ တွေမေနှင်း ဦး ရုံးလာလျှင် ပုလဲရည် ကျွန်တော် နှင့် ဒီလိုပေါက်ကရတွေ လာပြော နေနိုင်တော့ မည် မဟုတ်ပါ။
နောက်နေ့ တွင်လည်း မေနှင်းဦး တော်တော် နှင့် ရောက်မလာ၊ လာနေကျ နေ့ခင်း ချိန် ကျော်သည် အထိမလာသည့် အတွက် ကျွန်တော် ဝယ်လာသည့် မုန့်တွေထဲက သူမ အတွက် ဖယ်ထားသည့် ဝေစုကိုတောင် ရုံးအဖွဲ့ က တွယ်ပစ်လိုက်၏။
“သက် တို့တော့ စားပစ်လိုက်ပြီ၊ မမေနှင်း လာလို့ မေးရင် ဆရာပဲ ရှင်းလိုက်တော့”
“သူက လာဦးမှာလား”
“ဒီနေ့ တော့ လာမယ်ထင်တာပဲ ဆရာ၊ ဟိုဖက်ရုံး ကနေ လှမ်းဖုန်းဆက်ထားတယ်၊ မနေ့ က တော့ ဟိုဖက်ရုံး တောင်မလာဘူး၊ နေမကောင်း ဖြစ်နေတယ် တဲ့”
မေနှင်းဦး ရုံးမလာသည့် အကြောင်း ကို မနေ့က ပုလဲရည် နှင့်လည်းစကား မစပ်မိ။ ခါတိုင်း လည်း တရက်တလေ မလာပဲ နေနေကျ ဖြစ်ရာ ကျွန်တော် အမှတ်တမဲ့ ဖြစ်ခဲ့သည်။ နေ့ခင်း နှစ်နာရီ ကျော်လောက်မှ မေနှင်းဦးရောက် လာသည်။ လှေခါး တက်ရင်း
“ဆရာ ရောက်ပြီ လား”
ဟု လှမ်းအော် နှုတ်ဆက်သွားသံသည် အနည်းငယ် အားပျော့ နေသည်ဟု ထင် မိသည်။
လုပ်လက်စ ကလေး ပြတ်လျှင် အပေါ်တက်ပြီး သတင်းသွားမေးလိုက်ဦးမည် တွေးပြီး သွင်း လက်စာ ဒေတာတွေ ဆက်သွင်းသည်။ ပြီးသွားလို့ တခေါက်ပြန်စစ်နေစဉ် ရုံးက မိန်းကလေးတွေ လှေခါးအတိုင်း တက်လိုက်ဆင်းလိုက် အလုပ်များနေကြသည်ကို သတိထားမိသည်။ သူမ နောက်ကျနေ သည့် အတွက် မေနှင်းဦး လုပ်စရာ ရှိတာတွေကို တက်သုတ်ရိုတ် နေတာ ဖြစ် မည်။ ထို့ကြောင့် လူရှင်း လောက်မှ ကျွန်တော် အပေါ်တက်လာခဲ့သည်။
မေနှင်းဦး ကျွန်တော် ဝင်သွားသည်ကို မော့မကြည့်ပါ။ စားပွဲ ပေါ်က ပစ္စည်းတွေကို သိမ်းနေ ရင်းက
“မ ပြန်တော့မယ် လို့ကိုထွန်းဦး ကို ပြောလိုက်စမ်းပါ”
ရုံးက မိန်းကလေးတယောက်ယောက်ထင်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။
“ဟုတ်ကဲ့”
ကျွန်တော့် အသံကြားမှ မော့ကြည့်ပြီး
“ဟာ… ဆရာ ကန်တော့်နော်”
“ရပါတယ်၊ ကျွန်တော် ကိုထွန်းဦး ခေါ်ပေးရမလား”
“နေတော့ ဆရာ၊ အောက်မှာ ရှိမှာပါ”
“နေမကောင်း ဘူးဆိုလို့ သတင်းလာမေးတာ”
“ဟုတ်တယ်ဆရာ၊ ဖျားတာလေ၊ ဖျားနေရက် နဲ့ နားလို့လည်း မရဘူး၊ ဟိုဖက် မှာ အလုပ် တွေ ရှုပ်နေတာနဲ့ တချို့ရက်တွေ ညသန်း ခေါင်လောက်မှ ပြန်ရတယ်၊ တပတ်လောက်ကြာ တော့ လဲတော့တာပဲ”
မေနှင်းဦးမျက်နှာ လေး နွမ်းနယ်နေ၏။ သူမ၏ ဟန်ပန် အတိုင်း သပ်ရပ်ကျော့ရှင်း နေမြဲ ဖြစ် သော်လည်း အမူအရာ နှင့် အကြည့်တွေက မလန်းဆန်းပါ။ ပစ္စည်းတွေ သိမ်းပြီးနောက် လက်ကိုင်အိတ်လေး လွယ်ပြီး မေနှင်းဦးစားပွဲ နောက်က ထလာသည်။ ကျွန်တော်ရပ်နေရာ စားပွဲ ရှေ့ဖက် နားအရောက်တွင် စားပွဲစွန်း နှင့် တိုက်မိသလို ဖြစ်သွားပြီး ကျွန်တော့်ဖက် သို့ ယိုင်လဲ လာ၏။ရှေ့ကို ခြေတလှမ်းတိုးပြီး ကျွန်တော် မဖမ်းလိုက်နိုင်လျှင် မေနှင်းဦး ကြမ်းပြင်ပေါ် သို့ လဲကျသွားနိုင်သည်။
စိုးရိမ်တကြီးဖမ်းပွေ့လိုက်ပြီးမှ မွှေးပျံ့သောရနံ့ နှင့် အိနွေးသော ကိုယ်လုံးလေး၏ အထိအ တွေ့ကြောင့် ကျွန်တော် အသက်ရှုမှား မတတ်ဖြစ်သွားရသည်။ မေနှင်းဦးကို ကြည့်ရသည်မှာ မူးေ၀ နေပုံရသည်။ မျက်လုံးတွေ ကောင်းကောင်း မဖွင့် နိုင်သည်ကို တွေ့ရသည်။
“မမေနှင်း၊ မမေနှင်း”
ကျွန်တော့် အသံမဟုတ်ပါ။ အနားကို ဘယ်အချိန် ကရောက်နေသည် မသိသော ပုလဲရည်၏ ခေါ်သံ ဖြစ်သည်။ ပုလဲ ရည်က မေနှင်းဦး ကို လှုပ်၍လှုပ်၍ ခေါ်ရင်း သူမဖက်ဆီဆွဲ ယူလိုက် ရာ ကျွန်တော်ကလည်း သတိဝင်လာပြီး လွှတ်ပေးလိုက် သဖြင့် မေနှင်းဦး ပုလဲရည်၏ ပုခုံးပေါ် ခေါင်းတင်မှေး ပြီးရောက်သွား၏။ လဲကျ မသွားအောင် ပုလဲရည်က ထိန်းကိုင်ထားသည်။
“မမသန ္တာ၊ မမသက်”
ပုလဲရည် လှမ်းခေါ်လိုက်၍ သန ္တာ နှင့် သက်သက် သာမက မစိန်ရီပါ ပြေးတက်လာသည်။ မေနှင်းဦးကို ကုလားထိုင်မှာ ပြန်ချပေးပြီး ပြုစုကြသည်။ ပုခုံး နှိပ်သူနှိပ်၊ ပရုပ်ဆီရှု ခိုင်းသူက ရှုခိုင်း နှင့် လုပ်နေကြရင်း မစိန်ရီက
“အင်္ကျ ီ ကလဲကြပ်တယ် ထင်တယ်”
ပြောပြောဆိုဆို နှင့် မေနှင်းဦး ရင်ဘတ်က ကြယ်သီးတလုံးကို ဆွဲဖြုတ်လိုက်သည်။
“ကိုလင်း က ဘာလုပ်နေတာလဲ၊ သွား”
သူတို့ပြုစုပေး နေကြသည်ကို ကြောင်ကြည့် နေမိသော ကျွန်တော်လည်း ပုလဲရည် မျက်နှာ တည်တည်ဖြင့် အော် လိုက်မှ သတိဝင်လာပြီး အောက်ထပ်ကို ကမန်းကတန်း ဆင်းပြေးခဲ့၏။ ကျန်တဲ့ သူတွေ လဲ တက်လာကြသည်။ အောက်မှာ ယောက်ျားလေး နှစ်ယောက်သာ ရှိနေ ၏။ အခန်းထဲ ပြန်၍ စီးကရက် ဗူးယူပြီး ကျွန်တော် ရုံးပြင်ထွက်လာခဲ့သည်။ အေးအေး ဆေးဆေး စီးကရက်သောက်ရင်း ကြောင်တောင်တောင် ရပ်ကြည့် နေမိသည့် အဖြစ်ကို ပြုံး မိသည်။ မစိန်ရီ ကြယ်သီးဖြုတ်မည်ဟု ထင်မထား၍ ရပ်နေမိခြင်း လည်းဖြစ်ပါသည်။
ကျွန်တော် ပြန်ဝင်လာချိန်တွင် မေနှင်းဦး သက်သာ သွားပြီး လှေခါးမှနေ သူမဖာသာ လမ်း လျှောက် ဆင်းလာသည်။ ကျွန်တော် လှမ်းကြည့် လိုက်သည် ကို မေနှင်းဦး က သဘောပေါက် စွာ ဖြင့်
“ကောင်းသွားပါပြီ၊ ဆရာ နဲ့ စကားပြောနေထဲက မူးရိပ်မူးရိပ် ဖြစ်နေတာ၊ ထိုင်ရာက ထပြီး လမ်း လျှောက်လိုက်တော့ မထိန်း နိုင်တော့ဘူး”
“ဆေးခန်း တန်းသွားလိုက်ပါလား”
“ဆေးခန်းနေ့ တိုင်းပြတယ်၊ ဒီညနေတော့ အိမ်ရောက်မှ မေမေ့ကို ခေါ်ပြီး သွားလိုက်မယ်”
“အမ အားနည်း နေတာ စကားသိပ်မပြောနဲ့လေ၊ ကိုလင်း ကလဲ အလိုက်ကို မသိဘူး”
တွန်းတွန်း ထိုးထိုး နှင့် ပုလဲရည်က မေနှင်း ဦးကို ကားဆီ လိုက်ပို့ပေးလိုက်သည်။ ကျွန်တော် လည်း ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်နေလိုက်သည်။ ကားမောင်းထွက်သွားသံကြားလိုက်ရပြီး မကြာမှီ မှာပင် ပုလဲရည် အခန်းထဲဝင်လာသည်။
“ကိုလင်း .. ဆောရီးနော်”
“ဘာဖြစ်လို့လဲ”
“အနှောက် အယှက်ပေးသလို ဖြစ်သွားလို့”
“အော်”
ပုလဲရည် ဘာကိုဆိုလိုမှန်း သိလိုက်သော်လည်း မသိသလိုနေလိုက်ပါသည်။ ကျွန်တော် သိချင် သည့် အချက်တခု ကိုတော့ မနေနိုင်ဘဲ မေးမိသည်။
“ပုလဲ က ဘယ်လိုရောက်လာတာလဲ”
“ဘာလဲ ဟင်”
ပုလဲ ခပ်တည်တည် နှင့် အကြောင်ပြန်ရိုတ်သည်။ကျွန်တော် တည့်တည့် မေးလိုက်တော့၏။
“မေနှင်းဦး မူးလဲသွားတော့ ချက်ချင်းရောက်လာလို့လေ”
“ဒါလား၊ ကိုထွန်းဦး ကို ခေါ်ခိုင်းတာ ကြားလိုက်သလားလို့ မေးဖို့ တက်လာတာပါ၊ ချက် ချင်း မဟုတ်ပါဘူး ကိုလင်းရယ်၊ ဒီလို မှန်းသိရင် တက်မလာပါဘူး၊ ကိုလင်းကြာကြာ ဖက် ထား လို့ရတာပေါ့ ဒါကြောင့် ခုတောင်းပန် နေတာပဲ၊ ဆောရီးလို့”
“မဟုတ်တာ မပြောစမ်းပါနဲ့၊ သူများတွေကြားရင် တမျိုးထင်ဦးမယ်”
ကျွန်တော့် လေသံ မာသလိုဖြစ်သွားသည်။ သတိထားလိုက်မိသော်လည်း မထိန်းနိုင်အောင် ဖြစ်သွားရ၏။ ပုလဲရည် မျက်နှာလည်း တည်တည် လေးဖြစ်သွား၏။
“အနာပေါ် တုတ်ကျတာလား”
“မဆိုင်လိုက်တာ၊ ပုလဲ နောက်မှန်းသိပါတယ်၊ ဒါပေမယ့် သူများတွေ က တမျိုး မြင်ရင် မ ကောင်း ဘူးလေ”
“ဆောရီး ကိုလင်း၊ နောက်တာမဟုတ်ပါဘူး၊ တကယ်တောင်းပန်တာပါ၊ ကိုလင်း မကြိုက်ရင် မစတော့ ပါဘူး”
မျက်နှာငယ်လေး နှင့် တောင်းပန်လာတော့မှ ကျွန်တော်လည်း လေသံမာသွားသည်ကို သတိ ပြန်ထားမိပြီး ပုလဲရည်ကို သနားသွားသည်။ ကျွန်တော် သူမနှင့် စတင်ခင်မင် ကထဲက ဒီလို မျိုး မာမာထန်ထန် မပြောဖူးပါ။ ထို့ကြောင့် ကျွန်တော့် ကိုကျောခိုင်းထွက်သွားသော ပုလဲရည် ပုခုံးကို လှမ်းဆွဲလိုက်မိသည်။
“ဘာဖြစ်ပြန်တာလဲ”
တိုးတိုးလေး ပြောလာသည့် ပုလဲရည် အသံက ဘာကြောင့်မှန်းမသိ ကျွန်တော့် နားထဲတွင် ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ ကျွန်တော်ဆွဲလိုက်သည့် အတိုင်း အလိုက်သင့်က လေး ပြန်လှည့်လာသည့် ပုလဲရည်၏ မျက်ဝန်းတွေက ရီေ၀ မှုန်မှိုင်းနေ၏။
“ဘာဖြစ်လို့လဲ ကိုလင်း”
ကြောင်ငေးနေမိသော ကျွန်တော့် ကိုထပ်မေးသည်။ ကျွန်တော် မဖြေမိသလို သူမ ပုခုံး ပေါ်က လက်ကို လည်းပြန်မရုတ်မိ။ ပုလဲရည် ကိုယ်လုံးလေးတုန်နေကြောင်း ကျွန်တော့် လက်၏ အ ထိ အတွေ့ကသိနေသည်။ပုလဲရည်ကိုယ်လုံးက သွယ်သွယ်လေးဖြစ်သည်။ မေနှင်းဦး လိုတင်း တင်း ပြည့်ပြည့် မဟုတ်။ ဒီကိုယ်လုံးလေးကို ခုနက မေနှင်းဦးလိုမျိုး ရင်ခွင်ထဲမှာ ထွေးပွေ့ခွင့် ရလိုက်လျှင်ဆိုသည့် အတွေးဝင် လာပြီးနောက်တွင် ကျွန်တော့်ရင်ထဲမှာ ရင်ခုန်သံတွေ ဝုန်း ဒိုင်းကျဲသွား၏။
ဘယ်လောက်အထိဆူညံသွားသလဲ ဆိုပါလျှင် ပုလဲရည်တောင်ကြားလောက် မည်ထင်၏။ ဖြူနုသော မျက်နှာလေး ရဲတွတ်သွားသည်။
“ပေါက်ကရတွေ လျှောက်တွေးနေတယ် မဟုတ်လား”
ပုခုံးကို ကိုင်ထားသည့် ကျွန်တော့်လက်ကို ဆွဲဆိတ်လိုက်ပြီး ပုလဲရည် သုတ်ကနဲပြန်လှည့် ထွက်သွားသည်။ တာဝေး ခရီး ပြေးခဲ့ရသူတယောက်
လို ကျွန်တော် မောပန်းစွာဖြင့် ထိုင် ခုံမှာ ပြန်ထိုင်ချလိုက်မိသည်။ တခုခုတော့ ဖြစ်သွားသည်။ ဘာဖြစ်သွားသည်၊ ဘာကြောင့် ဖြစ်သွားသည်ကို တော့ ကျွန်တော်လည်း မသိပါ။
.......................................
မေနှင်းဦး တပတ်လောက် နားလိုက်ရသည်။ နားသည် ဆိုသော်လည်း လုံးလုံးလျားလျား တော့ မဟုတ်ရှာပါ။ အိမ်ကနေ တယ်လီဖုန်း နှင့် အလုပ်လုပ်ပါသည်။ ဘယ်ရုံးမှ မသွားရ လို့ အိမ်မှာ နေနေရတာပဲ ရှိသည်။ ဒီတခေါက်မေနှင်းဦး မရှိသော်လည်း ရုံးက မိန်းကလေး တွေ သိပ် လှုပ်လှုပ်ရှားရှားမရှိကြ။ မေနှင်းဦး မလာနိုင်သည့် အတွက် ဦးမြင့်သိန်း က အချိန်မရွေးရောက်လာနိုင်သလို တော်ရုံ ကိစ္စ ကို သူမဆီ လှမ်းမမေးဘဲ ကိုယ်တိုင်ဆုံးဖြတ်လုပ်ကြဖို့မေနှင်းဦးက မှာထားသော ကြောင့် လုပ်မှား ကိုင်မှား ဖြစ်မှာ စိုးရိမ်စိတ်ကြောင့် အလုပ် ပေါ် မှာသာ အာရုံစိုက်နေကြသည်။ ပုလဲရည် တောင်မှ ကျွန်တော့် ဆီသိပ်မလာဖြစ်တော့။
တရက် ကျွန်တော် အပြင်က ပြန်ဝင်လာစဉ် ဖုန်းပြောနေသော သန ္တာက ကျွန်တော့်လက်ထဲဖုန်းထိုးထည့်ပေးသည်။
“ဆရာ ပြောလိုက်ဦး”
ဘာမှန်း မသိဘဲ ဖုန်းကို လှမ်းယူလိုက်ပြီး
“ဟဲလို”
“ဟော … ဆရာ လား”
မေနှင်းဦး အသံကြားလိုက်ရသည်။ သန ္တာ့ ကိုမျက်လုံးပြူး ပြလိုက်ပြီး ဟန်မပျက် ဆက်ပြောရတော့သည်။
“မမေ နှင်း နေကောင်းသွားပြီလား”
“ကောင်းနေပါပြီ ဆရာ၊ အားနည်းနေသေးလို့ နောက်တရက် နှစ်ရက် ဆိုရင်တော့ အလုပ်ပြန်ဆင်းနိုင်မှာပါ”
“နားလို့ရတုန်း နားပေါ့”
“အခြေအနေ အရပဲ ဆရာရယ်၊ ဆရာတို့ ဖက်က အေးအေး ဆေးဆေး ပေမယ့် ဟိုဖက် မှာ က မပြတ်သေးတာတွေ၊ လုပ်ပေးရ ဦးမှာတွေရှိတယ်၊ ဆရာ ထမင်းစားပြီးပြီလား”
“ပြီးပြီ၊”
“ဘာဟင်းနဲ့စားလဲ”
“ထုံးစံ အတိုင်းပေါ့၊ ပေါင်မုန့်ကို ကော်ဖီ ဟင်းနဲ့ စားလိုက်တယ်”
“ဆရာကတော့ လုပ်ပြီ၊ ကိုယ့်ဟာကိုယ် ကားနဲ့ မထွက်ချင်လဲ ရုံးက တယောက်ယောက် ခိုင်းလိုက်ပေါ့၊ ဆရာ ခိုင်းရင်လုပ်ပေးဖို့ သူတို့ကို မှာထားပြီးသားလေ”
“ရပါတယ်၊ သူတို့လဲ အလုပ်ရှုပ်နေတာ အားနာစရာကြီး၊ တကယ်ကတော့ ကျွန်တော် ပျင်း လို့ပါ”
ထိုအချိန်တွင် ပုလဲရည် အနားရောက်လာသည်။
“အရေးတကြီး မဟုတ်ရင်လည်း ဖုန်းခနလောက်၊ ပုလဲ မမေနှင်း ကိုမေးစရာ ရှိလို့”
“မမေနှင်း ရေ၊ ဒီမှာ ပုလဲက မေးစရာရှိလို့တဲ့”
ကျွန်တော့် စကားမဆုံးမှီ ဖုန်းစကားပြောခွက်က ပုလဲရည်လက်ထဲပါသွားသည်။
“အမ လား၊ ပုလဲပါ၊ ဟိုတနေ့ က အမပြောထားတဲ့ ကိစ္စ လေ၊ အဲဒီရုံးကို လိုက်သွားတော့ …..ဟိုမှာ …”
ကျွန်တော် မသိသော အလုပ်ကိစ္စ ဖြစ်နေ၍ ကျွန်တော်လည်း ကိုယ့်အခန်း ကိုယ်ဝင်လာခဲ့ သည်။ အခန်းထဲ ရောက်သည် အထိ ပုလဲရည် ဖုန်းပြောနေသည့် အသံတစာစာ ကိုကြားနေ ရ လေ၏။နောက်တနေ့ နေ့ခင်း တွင် ကြွေဇလုံ လေးတခု ကိုင်ပြီး ပုလဲရည် အခန်းထဲ ဝင်လာသည်။
“ဘာတွေတုန်း”
“ခေါက်ဆွဲပြုတ် လေ၊ ကိုလင်းဖို့”
ကျွန်တော် စိတ်နည်းနည်း ညစ်သွားပါသည်။ ရယ်ဒီမိတ် ခေါက်ဆွဲထုပ်တွေ ကို ကြည့်တောင် မကြည့်ချင်သည်မှာ ကြာပြီ။ တိုင်းတပါးမှာ နေစဉ်ကရော၊ ဒီမှာ တယောက်ထဲ နေစဉ်က ပင်ဒါကိုပဲ လွယ်လွယ်စားရလွန်း၍ အနံ့တောင် မခံချင်ပါ။
“အယ် … သူများက စေတနာနဲ့ လုပ်လာတာ မျက်နှာကြီးက ဘယ်လိုဖြစ် သွားရတာလဲ၊ မ စားချင်လို့လား”
မညာချင်လို့ ခေါင်းပဲ ညိတ်ပြလိုက်ရသည်။
“ကိုလင်း အရင် က ကြိုက်ပါတယ်”
တကူးတက လုပ်လာပေးတာကိုလည်း ညင်းရမှာ ကျွန်တော် အားနာမိသည်။
“ထားခဲ့ပါ၊ စားလိုက်မယ်”
“ဟင်း … စိတ်မပါလက်မပါနဲ့၊ ဒီလို မှန်းသိရင် ပုလဲ ထမင်းချိုင့် ကိုလင်းကို ကျွေးပြီး ပုလဲက ဒါ စားလိုက်ပါတယ်၊ ဘာမှ မရှိလို့ ငါးခြောက်ကြော် ထည့်လာလို့ မကျွေးတာ”
“ရပါတယ် ပုလဲရယ်၊ စားလိုက်ပါမယ်”
“နေဦး၊ နေဦး၊ မစိန်ရီဆီမှာ ကြက်ဥ တလုံးခုနက တွေ့တယ်၊ ကြက်ဥ ဖေါက်ထည့်ပြီး ပြန်ပြုတ် လိုက်ရင် ပိုကောင်း သွားမှာ”
သူ့ဟာသူ ဆုံးဖြတ် အတည်ပြုပြီး ဇလုံလေးကိုင်ကာပြန်ထွက် သွားသည်။
“ဟေ့၊ သူများကြက်ဥ တော့ မယူပါနဲ့”
“ရတယ်၊ ပိုက်ဆံ ပြန်ပေးလိုက်မယ်”
ခနကြာတော့ ပုလဲရည်ပြန်ရောက်လာသည်။ သူမ နောက်မှာ ကော်ဖီခွက်ကိုင်ထားသော မစိန် ရီ ပါလာ၏။
“ဆရာက အားနာနေလို့ဆို၊ အားမနာ နဲ့ဆရာ ပုလဲ က မနက်ဖြန်ကျရင် နှစ်လုံးပြန်ဝယ် ခဲ့ ပေးမယ်တဲ့”
အားမနာပါ နှင့် ဆိုသော်လည်း အားနာပြီး မငြင်းရက်တော့ဘဲ ကျိတ်မှိတ် စားလိုက်ရသည်။
“ဒီလိုမှပေါ့ ကိုလင်း ရဲ့၊ မမေနှင်း ရုံးပြန်တက်ရင်တော့ အဆင်ပြေသွားမှာပါ။ မမေနှင်း မရှိလို့ ကိုလင်း အဆင်မပြေဖြစ် နေမှာစိုးလို့ လုပ်ပေးတာပါ၊ မမေနှင်း ကိုယ်စားပေါ့”
အခန်းပြင် ပြန်မထွက်ခင် မစိန်ရီ က မဲ့ပြသွား၏။ ပုလဲရည်က တော့ ကျွန်တော်စားနေသည် ကို မလှမ်းမကမ်း ကနေ ခနစောင့်ကြည့်နေပြီးတော့မှ ထွက်သွားသည်။
“ပန်းကန် သွားဆေး မနေနဲ့ ဦးနော်၊ ပြီးရင် လာယူမယ်”
အရင်တုန်း က နေ့လည်ဆိုလျှင် သူတို့နှင့်တူတူ လာစားဖို့ ပုလဲရည်ခေါ်တတ်ပါသည်။ ကျန် တဲ့ မိန်းကလေးတွေ လည်းထို့ အတူပင်။
ဖြစ်သလို စားကျင့်ပါနေသော ကျွန်တော် က အလုပ်လုပ်ရင်း အလွယ်ရတာ တခုခု စားလို့ ဖြစ်နေသည့် အတွက် သွားမစားတော့ပါ။ သူ တို့လို ထမင်းချိုင့် ပါသည် လည်း မဟုတ်။ တခါတလေ မှ ကော်ဖီ သောက်ရင်း သူတို့ ထမင်း ဝိုင်းဘေးမှာ ထိုင်ကာ အားလူးဖုတ်တတ် တာပဲ ရှိသည်။
မေနှင်းဦး ကတော့ ဒီလို မဟုတ်။ ကျွန်တော့် အတွက်စားစရာစီစဉ် ပေးတတ်သလို ကျွန်တော် နှင့် တူတူ လာစားသည့် အခါလည်းစားသည်။
ဒါကို တခြားသူတွေက ဘာမှ မပြောသော် လည်း မန်နေဂျာ ကျွေးမှစားချင်သူ၊ မန်နေဂျာ နှင့်အတူတူ မှ စားချင်သူ အဖြစ် ပုလဲရည် တခါ တလေ ပြောတတ်သည်။ အခုလည်း ကြုံတုန်း လေး ကျွန်တော့် ကို နှိပ်ကွပ်သွား၏။ စားပြီးသော ပန်းကန် လာပြန်ယူရင်း
“ကောင်းရဲ့ လားကိုလင်း”
“ကောင်းပါတယ်၊ တစက်မှတောင် မကျန်ဘူး တွေ့လား”
ပုလဲရည် ကျွန်တော့်ကို ကြည့်သည်။ ထိုအကြည့် ကိုကျွန်တော် နားမလည် ပါ။ ပြီးတော့ သက် ပြင်းချ၏။
“ကိုလင်း မှန်မှန် ဖြေနော်”
“ဘာကိုလဲ”
“ကိုလင်း မကြိုက်ဘဲနဲ့ ပုလဲကို အားနာလို့ စားတာ မဟုတ်လား၊ ပုလဲ စိတ်မကောင်း မှာစိုး လို့ ကြိတ်မှိတ်စားတာ မဟုတ်လား၊ အမှန်အတိုင်းပြော၊ စိတ်မဆိုးဘူး”
“ပုလဲ ကတော့ခက်ပြီ၊ ဘာလို့ စားသလဲ ဆိုတော့ ဆာလို့စားတာပေါ့”
“ခါတိုင်း ပေါင်မုန့်လေး နှစ်ချပ်လောက် နဲ့ ပြီးတဲ့ သူက ဒီနေ့ကျတော့ ဘာဖြစ်လို့ အများ ကြီး ကုန်အောင်စားရတာလဲ”
“စားချင်လို့”
“အင်”
“အမှန်အတိုင်း ပြောတာ၊ စားချင်လို့ စားတာ၊ ဘာဖြစ်လို့ စားချင်စိတ်ဖြစ်သွားလဲ ဆိုတာ တော့ မသိဘူး”
ပုလဲရည် မျက်ဝန်းတွေ အရောင်ပြောင်းသွားတာ ကိုမြင်ရသည်။ အကြည့် ကို ကျွန်တော့်ဆီ က လွှဲဖယ် ပြီးတွေတွေလေး ဖြစ်သွား၏။
“ဒါဆိုလဲ ပြီးတာပဲ၊ ကျေးဇူးတင်ပါတယ်၊ စေတနာကို အသိအမှတ်ပြုလို့”
မျက်နှာ တစောင်းလွှဲပြီး ကြမ်းပြင်ကို စိုက်ကြည့်နေသော ပုလဲရည်၏ မျက်နှာလေးကို ဘေး တိုက် အနေ အထားကနေ ကျွန်တော် ကြည့်နေမိသည်။ မျက်တောင် ကော့ကော့ တွေ ထက် အောက်စုန်ဆန် ခပ်မြန်မြန်လှုပ်ရှားနေကြသည့် မြင်ကွင်း ကနေ ကျွန်တော့် အကြည့် ကို မလွှဲဖယ် နိုင်။ ပုလဲရည်က လည်း ဒီအတိုင်းငြိမ်သက်နေ၏။ ပန်းကန်ဆေးဖို့လာယူခြင်း ဖြစ်သော် လည်း ပုလဲရည် ထွက်မသွားသေးပါ။ မှန်ရာကို ဝန်ခံရလျှင် ပုလဲ အခန်းထဲက ထွက်သွားမည် ကို ကျွန်တော် မလိုလားပါ။
“ဘာလို့ ဒီလောက်ကြည့်နေတာလဲ၊ လှလို့လား”
“လှတယ် ပြောရင်မုန့်ဝယ်ကျွေးမလို့လား”
“ကျွေးမယ်”
“ဟုတ်တယ်၊ လှလို့”
ပုလဲ ကျွန်တော့်ဖက် ပြန်လှည့်လာသည်။ မျက်နှာပေါ်ကို လည်း အပြုံးလေးတခု ပြန်ရောက် နေ၏။
“ခုလေးတင်ပဲ ခေါက်ဆွဲပြုတ် ကျွေးပြီးသားဆိုတော့ ကျွေးစရာ မလိုတော့ဘူး ကျေပြီ”
စားပွဲပေါ်က ကော်ဖီ ပန်းကန် နှင့်ဇလုံကို ကောက်ယူပြီး လှည့်ထွက်သွားသည်။ မရည်ရွယ် ပါဘဲ နှင့် ပုလဲ လက်မောင်းကို လှမ်းဆွဲလိုက်မိသည်။ သို့သော်လည်း အသိပြန်ဝင်လာ သော ကြောင့် အနားရောက်မှ လက်ကို ရပ်လိုက်ရသည်။ တိုက်ဆိုင်လှစွာ ပင် ပုလဲရည် ကလည်း နောက်ကို လှည့် ကြည့်သည်နှင့် တိုးပြီး လေထဲမှာ တန်းလန်းကြီး ဖြစ်နေသော ကျွန်တော့် လက် ကိုမြင်သွားသည်။
ရှေ့ကို ပြန်လှည့်လိုက်သော်လည်း ပုလဲ ခြေလှမ်းတုန့်သွားသည်။ ကျွန်တော့် ကိုမကြည့် ဘဲခပ်းတိုတိုးလေး
“နောက်မှပေါ့ ကိုလင်းရယ်”
ခပ်ဖွဖွ တုန်ရီသော အသံလေးက ကျွန်တော့် ရင်ကို ထိုးခွဲ သွားသလိုပင်။ ရှေ့ကို ဆက်သွားရင်း အခန်း၀ ရောက်မှ ကျွန်တော့် ကိုပြန်ကြည့်ရင်း ခပ်ပြုံးပြုံး မျက်နှာဖြင့်
“ပိုင်ရှင် ပြန်မလာသေးခင် တော့ ကိုလင်းဆီ ရောက်မှာပါ”
ကျွန်တော် ဘာပြန်ပြောရမည် မသိတော့။ ဒါသည်ပင် ပုလဲရည် ဖြစ်၏ လို့သာ သတ်မှတ် လိုက် ရတော့ပါသည်။
............................................
ဒီနေ့ သူမ၏ မွေးနေ့ ဆိုတာကို မေနှင်းဦးက ဘယ်သူ့ကို မှ ကြို မပြောထားခဲ့ပါ။ ရုံး အဖွဲ့ တွေ ကိုတော့ ထမင်းချိုင့် ယူမလာကြဖို့ မနေ့ထဲက မှာထားခဲ့သည်။ ကျွန်တော့် ကိုတော့ နဂို ထဲက ချိုင့် ဆွဲသူ မဟုတ်မှန်းသိလို့ ထင်သည် ဘာမှ မှာမထားခဲ့။
နေ့လည် ထမင်းစားချိန် ကျော်သည် အထိ မေနှင်းဦး ရောက်မလာသော အခါ အားလုံး တ မျှော် မျှော် ဖြစ်နေကြသည်။ ဘာမှမသိသည့် ကျွန်တော်သာ အေးအေးလူလူ ရုံးခန်း ရှေ့က အုတ်ခုံလေး မှာ စီးကရက်ထိုင်သောက်နေ၏။ တက္ကစီ တစီး ရုံးဝင်းထဲ ဝင်လာချိန်မှာ မေနှင်းဦး လို့ မထင်ပါ။ အလုပ်ကိစ္စ နှင့် လာသည့် ဧည့်သည်ထင်ပြီး အတွင်းဖက်သို့ လှမ်းပြီး ဧည့် သည် လာကြောင်း အသံပြု လိုက်သည်။
ကားပေါ်က ဆင်းလာသူကို မေနှင်းဦးမှန်း ရုတ်တရက်မသိ။
“ဆရာ ဘာလုပ်နေတာလဲ”
ဒရိုင်ဘာကို ပိုက်ဆံ လှမ်းပေးရင်း နှုတ်ဆက်လိုက်တော့မှ မေနှင်းဦး မှန်းသိတော့သည်။
“အထဲ က လူတွေ ဘာလုပ်နေလဲ လာပါဦ်း”
ကားပေါ်က အထုပ်အပိုးတွေ ချရင်း မေနှင်းဦး အော်လိုက်သည်။ ဧည့်သည် ထင်ပြီးထွက် ကြည့် ကြသော မိန်းကလေးတွေ လည်း အဆင်သင့် ရောက်လာ ပြီးဝိုင်းကူကြ၏။ စီးကရက် ကို ပစ်ချပြီး ကျွန်တော် ကဝင်ကူသော်လည်း သူတို့က လက်မခံကြပါ။ တယောက် တထုပ် ဆွဲပြီး ဝင် သွားကြချိန် မှာ ကျွန်တော် နှင့် မေနှင်းဦးနောက်ကနေ လိုက်ဝင်သွားရင်း
“ဘာတွေလဲ”
“ကြေးအိုး ဆရာ၊ ကြေးအိုးဆီချက်လဲပါတယ်၊ ကြိုက်တာ စားကြပေါ့”
ဘာအတွက်ဟု ကျွန်တော်စဉ်းစားနေကြောင်း ရိပ်မိပုံရသည့် မေနှင်းဦးက ဆက်ရှင်း ပြ သည်။
“ဒီနေ့ မေ နှင်း မွေးနေ့လေ”
“အော် …Happy Birthday မမေ နှင်း”
“Thank you ဆရာ”
“လက်စသတ်တော့ ဒါကြောင့် ကိုး”
ဝင်လာခါစ က ကျွန်တော် ကြောင်နေမိသော မေနှင်းဦး၏ အပြင်အဆင် ကိုနောက်တခေါက် သေသေ ချာချာကြည့်ရင်းပြောမိရာ မေနှင်းဦး ရှက်သွား၏။
လှပြီးသား မေနှင်းဦး ဒီနေ့ ပိုလှနေသည်မှာ အမှန်ပင်။ အပြင်အဆင်ကလည်း မြင်နေကျပုံ မျိုး မဟုတ်။ အမြဲလိုလို သပ်သပ်ရပ်ရပ် စည်းနှောင်ထားတတ်သည့် ဆံပင်တွေကို ဒီတိုင်း ဖြန့်ချ ထား၏။ အိန္ဒြေကြီးနှင့် မဟုတ်တော့ဘဲ လွတ်လပ်ပေါ့ပါးစွာ မြင်ရသည့် ဟန်ပန်ကြောင့် လည်းမြင်ရတာ ဆန်းနေသည်။ ထို့ပြင် ဆွတ်ဆွတ်ဖြူသော တီရှပ်ကိုယ်ကျပ် နှင့် ဂျင်းစကပ် အတိုကို ဝတ်ထားသေး၏။ အတို ဆိုသော်လည်း မြင်မကောင်းသည့် အတိုမျိုးမဟုတ်။ ကိုယ်လုံး အလှ နှင့် ခြေတံတွေ၏ အလှကို ပိုပြီးကြွရွစေ၏။ မြင်နေကျ မန်နေဂျာမလေး မေနှင်းဦး အသွင် ပျောက်ပြီး တက္ကသိုလ် ကျောင်းသူလေးတယောက်လို နုပျို လန်းဆန်းလို့ နေ၏။
ဆာလောင်နေကြသည့် ရုံးအဖွဲ့ က စားကြဖို့ တက်သုတ်ရိုတ်ပြင်ဆင် နေကြစဉ် ကျွန်တော် နှင့် အတူရပ်ကြည့်နေသည့် မေနှင်းဦးကို အမှတ်တမဲ့ မေးမိသည်။
“မမေနှင်း ဘယ်နှစ် နှစ်ပြည့်တာလဲ၊ အာ … ဆောရီး မိန်းကလေးတွေကို အသက်မမေးရ ဘူး ဆိုတာ မေ့သွားတယ်”
“ရပါတယ်ဆရာ၊ သုံးဆယ် ကျော်ရင်တော့ မမေးနဲ့တော့ အခုက ရသေးတယ်၊ မေ နှင်း နှစ်ဆယ့် ခြောက်နှစ် ပြည့်တာ”
“ဒါဆို မမေနှင်း က ကျွန်တော့်ထက် ဆယ့်တစ် နှစ်တောင်ငယ်တာပေါ့”
“ကောင်းတာပေါ့ ဆရာရဲ့၊ ဆယ့်တစ်မီးငြိမ်းတာပေါ့”
အနားက ဖြတ်ရင်းဘုမသိဘမသိ ဝင်ပြောလိုက်သော မစိန်ရီ ၏ စကားကြောင့် မေနှင်းဦး မျက်နှာ ပန်းနုရောင်သန်းသွား၏။ ကျွန်တော့် ကျောပြင်လည်း စူးကနဲ ဖြစ်သွားသည်။ လှည့်ကြည့် လိုက် တော့ ပုလဲရည် ဘယ်အချိန် ကရောက်နေသည် မသိ။ ကျွန်တော့် ကို မကြည့်ဘဲ လက် ထဲက စက္ကူညှပ်သည့် ကလစ်ကလေးကို ကွေးလိုက်ဆန့်လိုက်လုပ်နေသည်။ ကလစ် က သံချောင်းလေးကို ဆန့်ပြီး ထိုးလိုက်တာဖြစ်ရမည်။
ကျွန်တော်က ဘာလဲဟု မျက်နှာအမူအရာဖြင့် မေးလိုက်သည်ကို မမြင်ဟန်ပြု ပြီး ပြင်ဆင်နေ သည့် သူတွေနား တိုးကပ်သွား၏။ပြင်ဆင် နေသူတွေ လည်းလက်တွေချိုးကြ၊ ပွစိပွစိ ပြောကြဖြင့် ဘာရှုပ်နေသည် မသိ။ မစိန်ရီသက်သက် နှင့် ပုလဲရည် ခေါင်းချင်းရိုတ်ပြီး တီးတိုး ပြောနေကြတာလည်း တွေ့သည်။
“ဘာလဲ လူတွက်တာ တထုပ်လိုနေလို့လား”
မေနှင်းဦးလည်း မြင်ပုံရသည်။ ခပ်ပြုံးပြုံးဖြင့် လှမ်းမေးလိုက်၏။
“ဟုတ်ကဲ့အမ၊ ရပါတယ်၊ အားလုံးပေါင်းပြီး ပြန်ခွဲလိုက်ရင်ရပါတယ်၊ တထုပ်တထုပ် မှာ အများကြီး ပါတာပဲ”
“မခွဲနဲ့၊ မ တမင်ထည့် ဝယ်မလာတာ၊ ဆရာက ကြေးအိုး မကြိုက်ဘူးဆိုလို့၊ ဆရာ့ဖို့ မပါဘူး”
သူတို့တတွေ အားနာသွားပုံရသည်။ မေနှင်းဦးလုပ်ရပ်ကို နားမလည် နိုင်ဖြစ်ရသည်။ ကျွန် တော် ကြေးအိုး မကြိုက်ပါ။ ဒါပေမယ့် ကြေးအိုး ဆီချက်တော့ စားပါသည်။ ဒီအကြောင်း တွေကို မေနှင်းဦးကို ပြောပြဖူသလား ဆိုတာ မသေချာပါ။ မပြောဖူးဘူး ဟုတော့ ထင်မိ ပါသည်။
အပိုင်း ( ၇ ) ဆက်ရန် >>>
No comments:
Post a Comment