Saturday, April 6, 2019

မြန်မာ့ အပျော်ဖတ် စာအုပ်လောက သမိုင်းကြောင်း

 မြန်မာ့ အပျော်ဖတ် စာအုပ်လောက သမိုင်းကြောင်း

၁။

ဗမာပြည် အပျော်ဖတ်စာအုပ်လောက အကြောင်းရေးလျှင် ပထမဆုံးသော ပုံနှိပ်တိုက်ခေတ်ဦးအကြောင်းကိုပါအတော်အတန် ထည့်သွင်းရေးသားမှသာလျှင်ပြည့်စုံပေလိမ့်မည်။သို့ဖြစ်သောကြောင့် ပုံနှိပ်တိုက်များ သမိုင်းဦးကို ဦးစွာပထမ ပဏာမ အဖြစ်ရေးသားပါရစေ။ ဗမာပြည်သို့ အဦးဆုံးရောက်ရှိလာသော စာပုံနှိပ်စက်မှာ ၁၈၁၆ ခုနှစ်တွင်ဖြစ်သည်။ ယူဆောင်လာသူမှာ ဆရာယုဒသန်ဖြစ်၏။ မြန်မာနိုင်ငံသို့ စာပုံနှိပ်စက် ၁၈၁၆ ခုနှစ်တွင်ရောက်ရှိလာသော်လည်း မြန်မာ အက္ခရာဘာသာစကားဖြင့် ပထမဆုံးသော ပုံနှိပ်သော စာအုပ်သည်ကား ၁၇၇၆ ခုနှစ်တွင်ဖြစ်သည်။ ပုံနှိပ်သူကား ဗမာလူမျိုးမဟုတ်ပေ။ 

အင်္ဂလိပ်လူမျိုးလည်းမဟုတ်သလို လူပုဂ္ဂိုလ်လည်းမဟုတ်ပေ၊ သူသည်ကား အီတာလျံလူမျိုး သာသနာပြု ဖာသာ တဦးဖြစ်သူ ကာပါးနီ(Carpani) ဖြစ်၏။  မြန်မာဘာသာစကားဖြင့်စတင်ပုံနှိပ်သော ၎င်း စာအုပ်အား ရောမမြို့ ဘုရင်ဂျီသာသနာပြုပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ခြင်းဖြစ်၏။ နိုင်ငံခြားတိုင်းပြည်တွင်ပုံမနှိပ်ပဲ မြန်မာ ဘာသာစကားဖြင့်ရေးသားထားသော မြန်မာစာအုပ်အား မြန်မာနိုင်ငံတွင် ပုံနှိပ်သော ခုနှစိသည်ကား ၁၈၁၇ ခုနှစ်မှဖြစ်၏။ဤနေရာတွင် သုတေသီများ၏ မူနှစ်မူကွဲရှိသည်။ ဦးမြင့်ဆွေ၊ ငွေဥဒေါင်း ကဲသို့ စာပေသမိုင်းသုတေသီများ၏ အဆိုအရ မြန်မာနိုင်ငံသို့ စာပုံနှိပ်စက်များရောက်ရှိလာသော ခုနှစ်သည် ၁၈၁၆ ခုနှစ်ဖြစ်သည်ဟုဆိုကြသလို ဦးမောင်မောင်တင်၊တက္ကသိုလ်မောင်မောင်ကြီးကဲ့သို့မျိုး တက္ကသိုလ်ရပ်ဝန်းမှ ပညာရှင်များ၏အဆိုသည် ၁၈၁၇ ခုနှစ်ဖြစ်သည်ဟုရေးသားထားကြသည်။ သို့နှင့်စက္ကူစာရွက်ပေါ်တွင် မြန်မာအက္ခရာဖြင့် စတင်ပုံနှိပ်လာသော ၁၈၁၇ ခုနှစ်မှစတင်သော မြန်မာ့ ပုံနှိပ်လုပ်ငန်းသည် ယနေ့အချိန်မှ ပြန်လည်ရေတွက်ကြည့်သော်အနှစ်နှစ်ရာစွန်းခါစ အချိန်ကာလ သို့ရောက်ရှိလာခဲ့ပြီဖြစ်၏။ 

၂။

မြန်မာ့ အပျော်ဖတ်စာအုပ်လောကသမိုင်းကြောင်းအားခြေရာကောက်သည့်အခါ မြန်မာ့ ပြဇာတ် စာအုပ်လောက ဆီမှ မြစ်ဖျားခံစီးဆင်းလာသည်ကိုတွေ့ရှိရသည်၊ အင်္ဂလိပ်တို့ မြန်မာတနိုင်ငံလုံးကို ကျွန်မပြုမီ ဆယ်စုနှစ်ဝန်းကျင်ခန့်တွင် အစပြုလာသည်ကို စာပေမှတ်တမ်းများအရတွေ့ရှိရသည်။ မှတ်တမ်းများအရ ကုန်းဘောင်ခေတ် အနှောင်းပိုင်းတွင် အမည်မသိစာဆိုများရေးသားသော ပြဇာတ် စာအုပ်များ ၄၀ ဝန်းကျင်ပေါ်ထွက်ခဲ့သည်ကိုတွေ့ရှိရ၏။ ကုန်းဘောင်ခေတ် တွင် ပြဇာတ်စာအုပ်များအား စာရင်းဇယားအရ ပြုစုလိုက်သည့်အခါ စုစုပေါင်း ၁၁၆ ပုဒ်တွေ့ရှိရ၏။ 

အချို့ပြဇာတ်စာအုပ်များသည် ပေမူလက်ရေးမူ၊များအဖြစ်နှင့်သာ ပျောက်ကွယ်သွားခဲ့ကြရ၏။ ပြဇာတ် စာအုပ်လောကတွင် ပထမဆုံးသော ထုတ်ဝေသော စာအုပ်သည်ကား စလေဦးပုည ၏ ဝိဇယဗာဟု မင်းသားပြဇာတ်ဖြစ်၏၊ ပုံနှိပ်မှတ်တမ်းအရ ၁၈၇၂ ခုနှစ်တွင်ပုံနှိပ်ထားသည်ကိုတွေ့ရှိရသည်။ များမကြာမီ ၁၈၇၃ ခုနှစ်၊မေလတွင်မူဦးကြင်ဥ၏ ဒေဝကုမ္ဘာန်ပြဇာတ်ကိုတွေ့ရှိရ၏။ ပုံနှိပ်သည့် ပုံနှိပ်တိုက် အမည်ကား မြန်မာ့သံတော်ဆင့် မီးစက်စာပုံနှိပ်တိုက်ဖြစ်၏။

ထိုနောက် ၁၈၇၃ ခုနှစ်ထဲမှာတင်ပဲ ဦးပုည၏ ရေသည်ပြဇတ်၊ ၁၈၇၄ ခုနှစ်တွင်မူ ဦးပုည၏ ကောသလဇတ်ပုံ၊ ၁၈၇၅ တွင် ဦးခို၏ ဇနက္ကမင်းသားဇတ်၊ ထိုနှစ်ထဲမှာတင်ပဲ ဆတိုင်မွှတ်ဦးကူး၏ လူဝံမောင်နှမ ပြဇတ် စသဖြင့် ကုန်းဘောင်ခေတ် ပျက်သုဉ်းခါနီးလာလေလေ ပြဇတ်စာအုပ်ငယ်လေးများသည်လည်း တဖြည်းဖြည်းနှင့်ပို၍များပြားစွာထုတ်ဝေလာလေလေဖြစ်သည်ကိုတွေ့ရှိရ၏။ အံ့သြဖို့ကောင်းသည့်အချက်တချက်သည်ကား ထိုခေတ်ထိုအခါက မြန်မာပြည်လူဦးရေသည် ဆယ်သန်းပင်မပြည့်တတ်သေးပေ၊ သို့သော် ဆတိုင်မွှတ်ဦးကူး၏ လူဝံ့မောင်နှမ ပြဇတ်စာအုပ်သည်ကား အုပ်ရေ နှစ်သောင်းအထိ ရောင်းချခဲ့ရ၏။ 

ထိုအပြင် ၁၈၇၉ခုနှစ်တွင် မော်လမြိုင်မှ ဆရာယော ရေးသားသော သထုံရာဇဝင်ပြဇာတ် စာအုပ်ကိုလည်းပဲ အုပ်ရေ တသောင်းခွဲအထိ ရောင်းချခဲ့ရသည်ကိုတွေ့ရှိသည်။ သို့နှင့် ပြဇတ်စာအုပ်ငယ်လေးများသည် သီပေါမင်းပါတော်မမူမီ ဆယ်စုနှစ်ဝန်းကျင်မှ အစပြု၍ ထုတ်ဝေရောင်းချလာခဲ့ရာ သီပေါမင်းပါတော်မူပြီး ကုန်းဘောင်ခေတ် နိဂုံးချုပ်သွားတဲ့အထိ မှတ်တမ်းများအရ အုပ်ရေ လေးရောကျော် ထွက်ပေါ်ခဲ့သည်ဟုသိရှိရသည်။

၃။

၁၈၇၀ ဝန်းကျင်တွင် အစပြုသော ပြဇာတ်စာအုပ်ငယ်လေးများသည် ၁၉၀၀ ပြည့်နှစ်အထိ အုပ်ရေလေးရာကျော်ထွက်ပေါ်ခဲ့သည်ကိုဆိုခဲ့ပြီးပြီဖြစ်သည်၊ ကနဦးအစပိုင်းတွင် မြန်မာတို့သည် ၎င်းစာအုပ်ငယ်လေးများတွင် ပြဇာတ်ဟုမသုံးနူန်းပေ၊ ဇာတ်ဟုသာ အသုံးပြုခဲ့ကြသည်။ ၁၈၇၅ ခုနှစ် ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်မှရိုက်နှိပ်သည့် မဟိန္ဒပြဇာတ်၊ ဦးခို၏ မဟာဇနက္ကမင်းသားပြဇတ် စာအုပ်များမှကြမှသာလျှင် ပြဇာတ် ဟူသော အသုံးအနူန်းအား စတင်ခေါ်ဝေါ်သုံးနူန်းလာခဲ့သည်ကိုတွေ့ရှိရသည်။ 

ကနဦးအစ ပြဇာတ် စာအုပ်ငယ်လေးများ စတင်ထွန်းကားကျယ်ပြန့်လာသော ကုန်းဘောင်ခေတ် နှောင်းပိုင်းကာလတွင်ပြဇာတ်စာအုပ်ငယ်လေးများကို ရေးသားကြသော ပုဂ္ဂိုလ်ကြီးများ စုစုပေါင်း အယောက် ခြောက်ဆယ်နီးပါးရှိ၏၊ နာမည်များအား စာရှည်မည်ဆိုးသောကြောင့်မဖော်ပြတော့ပေ။ ၁၉၀၀ မှ ၁၉၂၅ အထိပြဇာတ်စာအုပ်ငယ်လေးများကို ရေးသားကြသော ပုဂ္ဂိုလ်ကြီးများအရေအတွက်ကတော့ စုစုပေါင်း ၅၈ ယောက်တိတိရှိ၏၊ ထိုအထဲတွင် ရွှေတောင်ဆရာလွမ်း (သခင်ကိုယ်တော်မိူင်း) ဘိုကလေးဦးသက်ရှည်တို့လို ပုဂ္ဂိုလ်ကြီးများပင်ပါဝင်ကြသည်ကိုတွေ့ရှိရသည်။

သို့နှင့် မှတ်တမ်းများအရ  ကုန်းဘောင် နှောင်းပိုင်း ပြဇာတ်စာအုပ်ငယ်များစတင်ရာ ၁၈၇၅ မှသည့် ၁၉၂၅ ထိ ပြဇတ်စာအုပ်လေးများ စုစုပေါင်း အုပ်ရေ ၅၈၀ ပေါ်ထွက်ခဲ့၏။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပေါ်ထွက်လာသောပြဇတ်စာအုပ်ငယ်လေးများကိုရိုက်နှိပ်သော စာအုပ်တိုက်အများစုမှာ ကုလားလူမျိုးပိုင်စာအုပ်တိုင်များပင်ဖြစ်သည်၊ ကြူလီယာ၊စူလတန်၊ ကေနာဂူမီရာ၊ စသောစာအုပ်တိုက်များဖြစ်သည်၊ ၎င်းတိုသည့် ကိုယ်ပိုင်ပုံနှိပ်စက်နှင့်အတူ အရောင်းဆိုင်ပါရှိသောကြောင့် ရိုက်လိုက်ရောင်းလိုက်နှင့် ကုလားလူမျိုးများအတော့်ကိုဟန်ကျသောနှစ်များဖြစ်သည်၊ စာမူမူပိုင်ခွင့်လည်းပေးစရာမလိုပေ၊ များသောအားဖြင့် သူတို့ရိုက်သော ပြဇာတ်စာအုပ်ငယ်လေးများမှာ ဦးပုည၊ဦးကြင်ဥ၊ဆတိုင်မွှတ်ဦးကူး စသော စာမူခ မပေးရသည့် သူများ၏ စာအုပ်များဖြစ်၏၊ ပေါပေါပဲပဲနှင့်ဈေးလည်းအလွန်ချိုလှသည်၊ ပြဇာတ်စာအုပ်တအုပ်လျှင် ခြောက်ပြားသာပေးရ၏။ 

တမတ်ဖိုးဝယ်လျှင် ခြောက်အုပ်ခန့်ရရှိသည်၊ပြဇာတ်စာအုပ်လေးများမှာ ဈေးလည်းချိုသလို ရိုက်နှိပ်သည့်အုပ်ရေလည်းများ၏၊ အနည်းဆုံး အုပ်ရေ လေးသောင်းခန့်ရိုက်ကြသည်၊ ပေါပေါနှင့် များများရိုက်ကာ တောနေလူတန်းစားပါမကျန် ပြဇာတ်စာအုပ်များ ဝယ်ဖတ်ရလေအောင်ဈေးကပေါလှသည်၊ တန်ဖိုးနည်းသဖြင့် အဝယ်လိုက်သည်၊ အဝယ်လိုက်တော့ လူထုလက်ထဲပိုရောက်၏။ ထိုခေတ်ထိုကာလ ပေါ်ထွက်လာသော ပြဇာတ်စာအုပ်ငယ်လေးများ၏ အရေးအသားသည်လည်းပဲ မဖြစ်နိုင်ရာ ယုတ္တိယုတ္တာမရှိသော ကျက်၊သရဲ၊တစ္ဆေ၊ဖုတ်၊ဘီလူး၊စသော ပရလောက သားများ၏အကြောင်းများကိုဖွဲ့နွဲ့ထားသည့်အပြင် နတ်၊သိကြား၊ဗြဟ္ဓာ၊ဝိဇ္ဇာ၊ဇော်ဂျီ၊ တပသီ အစရှိသော ပါးစပ်ပြောလာ ဒဏ္ဍာရီ များဖြင့်ပြည့်နှက်နေသည်ကိုတွေ့ရသည်၊ သဘာဝလွန်အဖွဲ့အနံဲ့များဖြင့် ယုံတမ်းတရားပုံပြင်များကို ဇာတ်စာအုပ်အဖြစ် အတင်းကာရောသွတ်သွင်းထားသည့် ပေါက်တတ်ကရပြဇာတ်စာအုပ်ငယ်လေးများသည် မြန်မာ့ပထမဆုံး အပျော်ဖတ်စာအုပ်များပင်ဖြစ်သည်။ သို့နှင့်အပျော်ဖတ်စာပေ သမိုင်းကြောင်းသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှ စတင်လာသည်ကို အထောက်အထားခိုင်လုံစွာတွေ့ရှိရသည်၊ 

၄။

၁၈၇၅ မှ ၁၉၂၅ ခုနှစ်အထိသည် ပြဇာတ်စာအုပ်ငယ်လေးများ အရှိန်ဟုန်ကောင်းကောင်းဖြင့်ထွက်ပေါ်လာသောကာလတခုဖြစ်သည်။ ၁၉၂၅ ခုနှစ်နောက်ပိုင်းတွင်မူ ပြဇာတ်စာအုပ်ငယ်လေးများသည် တစတစ နှင့် ချမည့်သူမရှိသည့် သုသာန်ကဲ့သို့ ခြောက်ကပ်ပျောက်ကွယ်သွားခဲ့ရသည်၊ယင်းသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအချက်မှာ ၁၉၀၄ ခုနှစ်တွင် စတင်ပေါ်လာသော ကာလပေါ်ဝတ္တု ၏ အမြစ်သည် မြန်မာစာပေတွင် ခိုင်မာတွယ်ကုပ်လာသာကြောင့် ပြဇတ်စာအုပ်များဘေးသို့ရောက်သွားရခြင်းဖြစ်၏။ ၁၉၂၅ ခုနှစ်နောက်ပိုင်းတွင်မူ ပြဇာတ်စာအုပ်ငယ်များတိမ်မြုပ်သွားသော်လည်းပြဇတ်စာအုပ်ငယ်လေးများကဲ့သို့ ပေါပေါပဲပဲ ထွက်ရှိလာမည့် တမတ်တန်ဝတ္တုခေတ်ကိုရောက်ရှိလာခဲ့သည်။တမတ်

တန်ဝတ္တုခေတ်နှင့်တမူးတန် ဝတ္တခေတ်သည် မကွာလှပေ၊ တမတ်တန်ခေတ်သည် ၁၉၂၅ ဝန်းကျင်မှသည် ၁၉၃၃ ဝန်းကျင်အထိဖြစ်ပြီး၊ တမူးတန်ဝတ္တုခေတ်ကတော့ ၁၉၃၃ ဝန်းကျင်မှသည် ၁၉၃၉ ခုနှစ်ဝန်းကျင်အထိဖြစ်၏။ တမတ်တန်ဝတ္တုခေတ်ကိုစတင်သောစာအုပ်မှာ ရွှေလိပ်ပြာစာအုပ်ဖြစ်၏၊

ရွှေလိပ်ပြာစာအုပ်များတွင် ရေးသူများ၏နာမည်မပါရှိ။

ဘာဝတ္တုပဲဖြစ်ဖြစ် ရွှေလိပ်ပြာအမည်နှင့်ပဲ ထွက်သည်။

သို့နှင့် တမတ်တန်ဝတ္တုခေတ်ကို စာရေးသူ၏ နာမည်နှင့် စတင်ပေါ်ထွက်လာသော စာအုပ်မှာ မန်းဌာနီမှ ထိုခေတ်အချိန်အခါ ဘတ်ဆဲလ်လားစာရေးဆရာကြီး မြမျိုးလွင်၏ သော်ကမယ် အမည်ရ ဝတ္တုဖြစ်သည်။ မြမျိုးလွင်၏ ဝတ္တုပေါ်လာပြီးမကြာမီမှာပဲ မန္တလေးမှ တမတ်တန်တ္တုများ အမြောက်အများပေါ်ထွက်လာခဲ့၏။ တမတ်တန်ဝတ္တုခေတ်တွင်မူ မြမျိုးလွင်သည် ဆရာတဆူပင်ဖြစ်၏၊ တညကို ဝတ္တုလုံးချင်းတပုဒ်လောက်အသာလေးနှင့်ပြီးအောင်ရေးနိုင်သလို မြမျိးလွင်ဟေ့ဆိုရင်လည်း အုပ်ရေလေးထောင်အသာလေးကုန်၏။

မြမျိုးလွင်၏ ဝတ္တုများကို အများဆုံးသရုပ်ဖော်ရေးဆွဲသူများမှာ ပန်းချီဦးအုန်းလွင်ဖြစ်၏။ တမတ်တန်ဝတ္တုအရွယ်အစားများ ဒီမိုင်းရှစ်ချိုးအရွယ် စာမျက်နှာရှစ်ဆယ်လေးမျက်နှာပါရှိသည်။ ၁၉၃၃ ခုနှစ်သို့ရောက်ရှိလာသောအခါ တမတ်တန်ဝတ္တုခေတ်သည် နိဌိတံလာခဲ့၏။ မိုးညှင်းဆရာတော်ဘုရား မြန်မာပြည်အနှံ့ လှည့်လည်ကာ တရားဟောသော နှစ်တွင် တရားနာပရိတ်သတ်များ ကာလပေါ်ဝတ္တုများမဖတ်ရဟုဆိုကာ မီးပုံရှိူ့ခဲ့သဘ့်အထဲတွင် မြမျိုးလွင်ဝတ္တုများ အများအပြားပါဝင်ခဲ့သည်ဟုလည်းသိရှိရဖူးသည်။ သို့နှင့် တမတ်တန်ဝတ္တုများတခါရိုက်လျှင် စောင်ရေနှစ်ထောင်မျှပင်မကုန်ချင်တော့ပေ။ 

၅။

ယင်းသို့ တမတ်တန် ပေါပေါပဲပဲ ဝတ္တုများ ဇိဝိန်ချုပ်ငြိမ်းလာပြီးနောက် တမူးတန်ဝတ္တုများခေတ်ထလာခဲ့သည်၊တမူးတန်ဝတ္တုများကိုစတင်ဦးဆောင်ဖော်ထုတ်သူမှာ ရွှင်ပျော်ပျော်စာအုပ်တိုက် ပိုင်ရှင် ကိုဘိုးရ ဆိုသူဖြစ်၏။ တမူးတန် ဝတ္တု အုပ်ရေ လေးထောင်ရိုက်၊ နှစ်ထောင်ကုန်ရင် မရှူံးဘူးဆိုတဲ့ တွက်ကိန်းဖြင့် တမူးတန်ဝတ္တုခေတ်ကိုစတင်သူရွှင်ပျော်ပျော်တိုက်ရှင် ကိုဘိုးရ အား အခြားသော စာပေပညာရှင်များက ဝိုင်းဝန်းပြောဆိုကြသည်၊ စာပေတန်ဖိုးကျဆင်းသော ဝတ္တုများထုတ်ဝေရကောင်းမလားဆိုပြီး ပြောကြ၏၊ထိုသို့ပြောကြသည့်အထဲတွင် သိပ္ပံမောင်ဝလို နာမည်ကြီး ခေတ်စမ်းလက်ထွက်စာရေးဆရာများပါသကဲ့သို့တမူးတန်ဝတ္တုများကိုရေးသည့်အထဲတွင်လည်း ဆရာကြီးပီမိုးနင်းလို့ ဆရာကြီးများလည်းပါဝင်၏။

သုတေသီများအဆိုရ တမူးတန်ဝတ္တုလောက ၏ ပထမဆုံးသော စာအုပ်သည် တက်ထွန်း၏ အပျိုပေါက်အမည်ရ ဝတ္တုပင်ဖြစ်သည်။ တက်ထွန်းသည် ရွှင်ပျော်ပျော်တိုက်ရှင် ကိုဘိုးရနှင့် ပြောမနာဆိုမနာ သူငယ်ချင်းဖြစ်သည်။ တက်ထွန်း၏ အပျိုပေါက် ဝတ္တုမျက်နှာဖုံးကို ပန်းချီကျော် ဦးဘလုံ ကရေးဆွဲ၏။ဝတ္တုဆိုဒ်မှာ ကရောင်းဆယ့်ခြောက်ချိုး စာမျက်နှာ ခြောက်ဆယ်လေးမျက်နှာရှိသည်၊ တမူးတန်ဝတ္တုများ၏ထူးခြားချက်တရပ်မှာ အထဲတွင် သရုပ်ဖော်ပုံပါရှိခြင်းပင်ဖြစ်၏။ အတွင်းသရုပ်ဖော်ကို ဝတ္တုဇတ်သွားအလိုက် ဝတ္တုစာအုပ်တအုပ်လျှင်အနည်းဆုံးသုံးပုံမှ ငါးပုံအထိပါရှိသည်။

 ယင်းပုံများကိုတော့ မောင်သန့် အမည်ရ ပန်းချီဆရာက ရေးဆွဲသည်။ တမူးတန်လောက ၏ ပထမဆုံးသော ဝတ္တုဖြစ်သော တက်ထွန်း၏အပျိုပေါက်ဝတ္တုသည် အုပ်ရေလေးထောက်ရိုက်ရာ တပတ်မျှပင်မကြာပေ၊ကုန်သွား၏။ သို့နှင့် စာအုပ်ဈေးကွက် အခြေအနေ ကိုစောင့်ကြည့်နေသော စာရေးဆရာကြီးများသည် အံ့အားသင့်သွားကြသည်။ တချို့လည်း နာမည်မခံပဲ ကိုယ်တိုင်ဝင်ရောက်ရေးသားကြသည်။ သို့နှင့် ၁၉၃၅ ခုနှစ် နှစ်ဆန်းပိုင်းသို့ရောက်လာသည့်အခါ တမူးတန်ဝတ္တုလောက ၏အမြင့်ဆုံးစံချိန်သို့ရောက်ရှိလာခဲ့သည်။ ဝတ္တုစာအုပ်တခါရိုက်လျှင် အနိမ့်ဆုံးငါးထောင်မှ အမြင့်ဆုံးကိုးထောင်နှစ်ရာစံချိန်အထိ ရောက်လာခဲ့သည်။ တမူးတန်ဝတ္တုခေတ်တွင် မျက်နှာဖုံးရေးသူပန်းချီဆရာ၏လက်ခသည် တပုံတဆယ်ဖြစ်သည်။ စာမူခ ကတော့ စာရေးဆရာကို လေးဆယ်ကျပ်ပေးရသည်။

ပုံမှန်အားဖြင့် စာမူခသည်ပုံသေမရှိပေ၊ဘက်ဆဲလ်လား မြမျိုးလွင်ကဲ့သို့ နာမည်ရစာရေးဆရာဆိုလျှင်လေးဆယ်နှင့်ငါးဆယ်ကြားပေးရသလိုနာမည်မရှိသူဆိုရင် တဆယ့် ဆယ်ငါးကျပ်နှင့်လည်းပြီးတတ်၏။ တမူးတန်ဝတ္တုလောက ဒီရေအမြင့်ဆုံးကာလသို့ရောက်ချိန်တွင် ဉာဏ၊သုခ၊သခါၤ၊သိပ္ပံကျော်

ထင်၊ဒဂုန်နတ်ရှင်၊ပီမိုးနင်း၊တက်ထွန်း၊ရန်အောင်၊မြို့မအုန်း၊ကဝိမောင်၊မင်းဆွေ၊သဇင်မြင့်၊ဒဂုန်လွန်း၊မင်းမဟော်၊ရဲထွတ် အစရှိသော စာရေးဆရာများဖြစ်ကြသည်။ တမူးတန်ဝတ္တုများကို ရောင်းချ သောစာအုပ်ဆိုင်များကတော့ ဆူးလေးဘုရားအနီးအနားမှစ၍ စကော့ဈေး တောက်လျှောက် တိုက်နံရံကို မှီ၍ ရောင်းနေသောဆိုင်များအဆုံး တမူးတန်ဝတ္တုများနှင့်မကင်းပေ။ သို့သော် ဖြစ်ပြီးရင် ပျက်သည့် ဓမ္မတာ အတိုင်း တမူးတန်ဝတ္တုသည် ဒုတိယကမ္ဘာစစ်မီးကြီးကူးစက်လာမည့် ၁၉၃၉ ခုနှစ်ဝန်းကျင်တွင် တိတ်တဆိတ် ကွယ်ပျောက်သွားခဲ့ရသည်။

၆။

၁၉၄၀ မှ ၁၉၄၅ ခုနှစ်အထိ စစ်ကြီးအတွင်းတွင်မူ အပျော်ဖတ်စာအုပ်ရော၊ မပျော်ဖတ်စာအုပ်ရော မထွက်ရှိပေ၊အဘယ်ကြောင့်ဆိုသော် စစ်မီးကြောင့် ပြေးလွှားနေရသောကြောင့်ပင်ဖြစ်သည်။ထိုနောက်စစ်ပြီး၁၉၄၅ ခုနှစ်နောက်ပိုင်းတွင်မူ ဝတ္တုစာအုပ်များ ဒရဟော ထွက်ပေါ်လာခဲ့သည်။ ပေါ်ထွက်လာသောဝတ္တုများသည် များသောအားဖြင့် တော်လှန်ရေးနောက်ခံဝတ္တုများဖြစ်သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်သည် မြန်မာပြည်သို့ ဝင်ရောက်မွှေနှောက်လာသည်။ ၁၉၄၅ ခုနှစ်အထိ သုံးနှစ်သုံးမိုးလုံးလုံးဂျပန်သည် ဗမာကို ဖင်စုတ်အောင်ချသည်၊ ထိုသုံးနှစ်အတွင်း စာအုပ်မထွက်သလောက်ပင်။မှတ်တမ်းများအရစစ်ကြီးအတွင်းထွက်ရှိခဲ့သောစာအုပ်

များသည် လက်ပံတန်းဦးတင်၏ ဂျပန်သူလျှိူ၊မင်းဆွေ၏ဓါး၊ ဦးနု၏ရက်စက်ပါပေ့ကွယ်၊ဂျာနယ်ကျော်မမလေး၏ သူမ၊ဒဂုန်ခင်ခင်လေး၏ ကမ္ဘာ့ရန်သူ စသဖြင့် အနည်းအကျဉ်းသာထွက်ရှိခဲ့သည်။ ၁၉၄၅ စစ်ကြီးပြီးနောက် ဘုန်းကြွယ်၊သုခ၊သခါၤ၊ဇဝန၊မဟာဆွေ၊မောင်ထင်၊မင်းအောင်၊တက်တိုး၊စသောစာရေးဆရာများ၏စာအုပ်များ အလျှိူလျှိူပေါ်ထွက်လာခဲ့သည်၊ စစ်ပြီးစတွင်ပေါ်ထွက်လာသော ဝတ္တအများစုသည် စာပေတန်ဖိုးရှိကြသည်က များသည်၊သို့နှင့် ၁၉၅၅ ခုနှစ်နောက်ပိုင်းတွင်မူ စုန်းကဝေ၊ ဖုတ်သရဲ၊သဘက်၊တစ္ဆေဝတ္တုများနှင့်အပြာစာအုပ်များ အများအပြားပေါ်ထွက်လာခဲ့သည်။ 

စစ်ပြီးခေတ် စာရေးဆရာ များအများအပြားပေါ်လာခြင်း၏ဆိုးကျိုးသည် စာပေဖေါင်းပွလာခြင်းပင်ဖြစ်သည်။ ဖေါင်းပွမူ၏နောက်ဆက်တွဲဆိုးကျိုးကား တန်းမဝင်သည့် အပျော်ဖတ်များဂ ဒလဟော ထွက်ပေါ်လာခြင်းပင်ဖြစ်သည်၊ ၁၉၅၅ မှ ၁၉၆၂ နှစ်အထိ ကာလသည်စာပေတန်ဖိုးရှိသောဝတ္တုများနှင့် စာပေတန်ဖိုးမရှိသောဝတ္တုများ တပြိုင်နက်ထဲပေါ်ထွက်လာသော ခုနှစ်များပင်ဖစ်သည်။ပုဂံသား၊သေသော်မှတည့်ဪကောင်း၏၊သူ့ကျွန်မခံပြီ၊ နီရဲသောဗိုလ်ဥတ္တမ၊ပင်းမြို့သူ၊ စသောဂဝတ္တုကောင်းများပေါ်လာသော ကာမအရသာ၊ ခေါင်းမြီးခြုံသရဲ၊ ခုနှစ်ဆောင်ပြိုင် အိမ်ကြီး စသော ပေါက်ကရဝတ္တုများလည်း ပေါများသောခေတ်ဖြစ်၏။

၇။

၁၉၆၂ ခုနှစ် နေဝင်းအစိုးရအာဏာသိမ်းပြီးနောက်မဆလာ ခေတ်သို့ရောက်သောအခါ ပုံနှိပ်ထုတ်ဝေရေး စည်းကမ်းကိုတင်းကြပ်လိုက်သည်။ အများစုကို ပြည်သူပိုင်သိမ်းလိုက်သည်၊ စာပေသည်ပြည်သူ့အတွက်ဖြစ်ရမည်ဟုဆိုပြီး အပြာဝတ္တုများ ရေးသောသူများကိုလည်းတရားဥပဒေကြောင်းအရ အရေးယူမည်ဟု သတ်မှတ်ခဲ့သည်။ သို့နှင့် အပြာဝတ္တုများတစခန်းရပ်သွားပြီးနောက် ဒိုင်းညှောင့်ဝတ္တုများတစခန်းထလာပြန်သည်။ ဒိုင်းညှောင်များအနက် နေဝင်းအာဏာသိမ်းပြီးနောက် အစောဆုံးရေးသောသူများ စုံထောက်မဂ္ဂဇင်းလက်ထွက် စာရေးဆရာ မိုးဝေ ပင်ဖြစ်သည်။ မိုးဝေ ၏ တင်မောင်ဆွေ ဝတ္တုများသည် စာဖတ်ပရိတ်သတ်ကို အတော်ပင်ဖမ်းစားနိုင်သည်။

မှတ်တမ်းစကားများအရ မိုးဝေသည် တလလျှင် ဝတ္တုသုံးပုဒ်ခန့်ရေးသားသောသူဖြစ်သည်။မိုးဝေ၏စုံထောက်ဝတ္တုများနောက် ဒုတိယလိုက်လာသောသူများမှာ ရဲစိုး၊စစ်ကိုင်းအေးလွင်၊ တင့်ဆန်း ၏ကပ္ပိယဦးဖြူသီး စသောစာရေးဆရာများဖြစ်၏။ စုံထောက်ဝတ္တုများ ၁၉၆၈ ခုနှစ်လောက်အထိ ပေါများစွာပေါ်ထွက်လာပြီးနောက် အချစ်ဝတ္တုများတစခန်းထလာပြန်သည်၊ ပေါပေါပဲပဲ အချစ်ဝတ္တု များကို အများဆုံးရေးသားသူများမှာ တက္ကသိုလ်ဟန်ဝင်းအောင်၊ မြင့်ကျော်၊ကရမက်၊ ကလျာ၊ယုဝတီ စီးရီး၊တက္ကသိုလ်ခင်မောင်အေး၊ နှင့် ရောင်နီ အစရှိသောစာရေးဆရာများပင်ဖြစ်ကြသည်။ 

၁၉၇၀ ခုနှစ်နောက်ပိုင်းမှသည် ၁၉၉၀ ကာလတွင်မူ ငြိမ်းကျော်၊ မောင်စိန်ဝင်း၊ စုလဲ့ဖြူ၊နွမ်ဂျာသိုင်း စသော စာရေးဆရာများ၏ အချစ်ဝတ္တုများအလွန်အကျွံထွက်ရှိလာသော နှစ်များပင်ဖြစ်၏၊ ၁၉၉၀ မှ ၂၀၁၀ ထိတွင်မူ၊တင်မြင့်၊မင်းမြတ်သူရ၊ နတ်ရွာမိုး၊ပုညခင်၊လွန်းထားထား၊လမင်းမိုမို၊ ပုဏ္ဏမီ၊ဆုမြတ်မွန်မွန် အကြည်တော်၊ အစရှိသောစာရေးဆရာများ၏ဝတ္တုများ ပေါများစွာပေါ်ထွက်လာသောနှစ်များဖြစ်၏။ သို့နှင့် စာလည်းရှည်လာပြီဖြစ်သောကြောင့် ဆောင်းပါးကို အချုပ်ပြန်ရေးရပါတော့မည်။

၈။

မြန်မာအပျော်ဖတ်စာအုပ်လောက သည် ၁၈၇၅ ခုနှစ်ဝန်းကျင် ပြဇတ်စာအုပ်ငယ်လေးများမှ စတင်သည်၊ ၁၈၇၅ မှ ၁၉၀၀ ပြည့်အထိသည် ပြဇတ် အပျော်ဖတ်စာအုပ်လောက ခေတ်ဦးဖြစ်၏။ ၁၉၀၀ မှ ၁၉၂၅ ခုနှစ်အထိသည် အပျော်ဖတ် ပြဇတ်စာအုပ်ငယ်များ ဇိဝန်ချုပ်သော ကာလဖြစ်သည်။ ၁၉၂၅ မှ ၁၉၃၅ အထိသည် တမတ်တန် အပျော်ဖတ်ဝတ္တုလောက ဖြစ်၏။ ယင်းခေတ်ကို ဦးဆောင်သူသည် မြမျိုးလွင်ဖြစ်သည်။ ထိုနောက် ၁၉၃၃ မှ စစ်မဖြစ်ခင် ၁၉၃၉ ခုနှစ်အထိသည် တမူးတန်ဝတ္တုလောကဖြစ်သည်၊ ယင်းလောက ကို တက်ထွန်းမှ ဦးဆောင်သည်၊ ၁၉၃၉ မှ ၁၉၄၅ အထိကား အမှောင်ဆုံးကာလများဖြစ်၍စာအုပ်မထွက်ပေ၊ စစ်ပြီးခေတ် ၁၉၄၅ မှသည် လွပ်လပ်ရေးရပြီးကာလ ၁၉၅၅ အထိကား အပြာစာအုပ်နှင့် သရဲတစ္ဆေဝတ္တုများ ပေါ်ထွက်သောကာလဖြစ်သည်။ 

၁၉၅၅မှ ၁၉၆၅ အထိကား မကောင်းတာနှင့်ကောင်းတာ Balance ညီစွာထွက်ပေါ်သောနှစ်ဖြစ်သည်၊ ၁၉၆၅ မှ ၁၉၇၅ အထိကား မြင့်ကျော်၊ရောင်နီ၊ဟန်ဝင်းအောင်၊သိန်းသန်းထွန်း၊ တို့၏အချစ်ဝတ္တုများကြီးစိုးသောနှစ်များဖြစ်၏။ ၁၉၇၅ မှ ၁၉၉၀ အထိကား ငြိမ်းကျော်နှင့်မောင်စိန်ဝင်းကဲ့သို့အချစ်၊ စိုးအောင်မြတ်သစ်နှင့်ဆားပုလင်းနှင်းမောင်ကဲ့သို့စုံထောက်၊ မင်းသိင်္ခကဲ့သို့ ဂမ္ဘီရနှင့် မောင်သိန်းဆိုင်ကဲ့သို့ လျှိူဝှက်သဲဖိုဝတ္တုများပေါများစွာထွက်လာသောကာလများဖြစ်၏။ ၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အထိကား အပျော်ဖတ်စာအုပ်သမိုင်းကြောင်းတလျှောက် အရည်အသွေးအညံ့ဖျင်းဆုံးသော ဝတ္တုများ အများဆုံးပေါ်ထွက်သော ကာလ တရားတခုပင်ဖြစ်လေတော့သတည်း။

ကိုးကား၊

မြင့်ဆွေ၊ မြန်မာ့စာအုပ်များသမိုင်းဦး

ကိုမောင်မောင်ကြီး၊ မြန်မာ့ပြဇတ်ရေစီးကြောင်း၊

ဦးသော်ဇင် ၊ ပြဇတ်စာပေသမိုင်း

သုခ ၊ တမူးတန်မြန်မာဝတ္တုများ 

ရန်အောင်၊ မြန်မာနိုင်ငံစာအုပ်ထုတ်ဝေရေးခရီးစဉ်

ကွိုင်

အေဒီ ၂၀၁၉

၂:၁၁ ပီအမ်

တနင်္လာနေ့ နိုဝင်ဘာ ၁၁၊ရက်၊
............................................................................................................................................................