သုံးဖက်မြင် အပိုင်း ( ၁ )
မောင်ဇော်ဦး ရေးသည်။
နောက်ကလိုက်လာတဲ့ လူ ၂ ယောက်ကြောင့် မိဗျိုင်း ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်တယ်။ မဖြစ်၊ ဘယ်လိုမှ မဖြစ်၊ ဒီ လူတွေကို သူဘယ်မှာ နေတာ ဘယ်လိုမှ အသိခံလို့ မဖြစ်ဆိုတာ စိတ်ထဲက အလိုလို နားလည်လိုက်တယ်။ အန္တရာယ်၊ အန္တာရယ်၊ လွတ်အောင် ရှောင်ရမယ်။ ဟို ၂ ကောင်ကလဲ ထပ်ချပ်မကွာ၊ တစက်လေးမှ အလွတ်မပေး၊ ကြည့်ရတာ မနေ့က ကိစ္စ မကြေနပ်ဘူးထင်ပါရဲ့။
သူတို့ပုံစံကလဲ ပေးချင်စရာလား၊ ဝတ်ကြေတန်းကြေ နှိပ်ပေးတာကိုက လွန်လှပြီ၊ မိဗျိုင်း သဘောနဲ့ ဆို လက်တောင် မခံချင်၊ ခုဟာက ပြသနာမဖြစ်အောင် ဘောစိက အတင်းထိုးပေးတာနဲ့ လက်ခံလိုက်ရတာ၊ဖြစ်ချင်တော့ အဲ့ဒီနေ့က မိဗျိုင်းဖေါက်သည်တွေက မလာ၊ လာချင်လဲ သူတို့က တရက်ထဲ ၂ ယောက် ၃ ယောက် ဆက်တိုက်၊ အဲ့ဒီလို နေ့မျိုးဆို မိဗျိုင်းတို့ လျှာကိုထွက်ရော။
ခု ဒီကောင်တွေက ဘာမှမဟုတ်၊ ဥပတိရုပ်တွေက စုတ်ချာလိုက်တာမှ လမ်းဘေးက သူတောင်းစား သာသာ၊ မိဗျိုင်းသိတာပေါ့၊ ခွင်မိပြီးထောလာလို့ ခနတဖြုတ် လာဖြုန်းတယ်ဆိုတာ၊ ဖေါက်သည်ဖြစ်မယ့် ပုံစံမျိုးမဟုတ်။ပိုက်ဆံပေးတိုင်း ခံစရာလား၊ မလုပ်၊ မိဗျိုင်းတို့က ဒါမျိုး လုံးဝမလုပ်။ သူတို့က အတင်း မိဗျိုင်းကို လုပ်ပေးဘို့ ပြောပေမယ့် သူ့တို့ ပုံစံကိုကြည့်ပြီး ဘယ်လိုမှ မသတီ၊ တွင်တွင်ခေါင်းခါပြီး တဆက်ရှင်ပြီးတော့ ဘောစိကို သွားပြောလိုက်တယ်။
ဘောစိကတော့ တကယ့်ကျေးဇူးရှင်။ နားလည်မှု့ကအပြည့်၊ ဘယ်သူ့ကိုမှ အတင်းမခိုင်း၊ ဒါကြောင့် တခါတခါ ပြောရတာတောင် အားနာတယ်၊ ဒါမျိုးကလဲ ဖြစ်ခဲပါတယ်၊ မတတ်နိုင်ဘူး၊ ပြောရတာဘဲ၊ အဲ အားလုံးအကောင်းချည်းတော့ဘယ်ဟုတ်မလဲ၊ ဘောစိမကောင်းတာက ကြေးဖြတ်တာ။အင်းလေ ဘယ်သူက ရာနှုံးပြည့်ကောင်းမှာလဲ၊ မိဗျိုင်းကတော့ ဒါကိုကြိုက်တယ်၊ ဖြတ်ပစေ၊ ကိုယ်စိတ်မပါတဲ့ အလုပ် မလုပ်ရပြီးရော၊ ဖာမှမဟုတ်တာ၊ နောက် မိဗျိုင်းဖေါက်သည်တွေ၊ မိဗျိုင်းထိမ်းထားတာ နည်းတာ မှမဟုတ်ဘဲ၊ အကုန်အိပ်ဖေါင်းနေတဲ့သူတွေ။
မိဗျိုင်းကြောင့် ဖေါက်သည် ဘယ်နှစ်ယောက်ပျက်ဘူးလဲ၊ ဒါကို သူအသိဆုံး၊ မိဗျိုင်း စိတ်ပါလက်ပါ ပြုစုပေးလိုက်လို့ကတော့ ဒီဖေါက်သည် ဒီကနေ မပြေးတော့ဘူးတာ သူသိနေတဲ့ဟာ။မသိနေမလား စီမံချက်ရှိလို့ဆိုပြီး ၃ နေရာ ပြောင်းသွားတာတောင် မိဗျိုင်း ဖေါက်သည်တွေက နောက်ကလိုက်လာတယ်ဆိုတာ သူ့မျက်မြင်၊ အားလုံးက သူ့အတွက် ရွှေဥတွေကိုး၊ ဟိုပုံပြင် သူဖတ်ထားပုံရတယ်။ ငန်းကို သူမသတ်။
ဒါနဲ့ဘဲ ဘောစိကိုယ်တိုင် ခလေးမလေးက နေမကောင်းလို့ပါဆိုပြီး တောင်းတောင်းပန်ပန်နဲ့ သွားပြောပြီး လူလဲပေးမယ်ပြောပါတယ်၊ သူ့မှာလဲစရာလူကလဲအသင့်၊ ဟိုကောင်မ မိစိုးဆို ဒါမျိုးရတယ်၊ နူနူဝဲဝဲ ပိုက်ဆံသာပေးလို့ကတော့ မျက်စိမှိတ်ပြီး ပေါင်ကားထားမဲ့ဟာမ။သူတို့ဝင်လာတုန်းက မိစိုးမအားလို့၊ ဒါကိုလက်မခံဘဲ မိဗျိုင်းမှ မိဗျိုင်း၊ ဒီကောင်တွေက လူသာ သူတောင်းစားရုပ်၊ ပစ္စည်းကောင်းတော့ သိသား။
ဒါနဲ့ဘဲ ဟိုပြောဒီပြောနဲ့ ပြဿနာတက်တော့မလိုလိုဖြစ်တော့ ထုံးစံအတိုင်း အပေါက်စောင့်တဲ့ဘီလူးက မင်းတို့ မူးနေပြီ ပြန်တော့လို့ ခပ်တည်တည်နဲ့ မောင်းထုတ်လိုက်တယ်။ ဟုတ်လဲဟုတ်တယ်၊ သူတို့ကလဲ တော်တော်မူးနေတာ။
ဘယ်ထဲကချောင်းနေတယ်မသိ၊ ဒီနေ့မိဗျိုင်း အလုပ်ကဆင်းလာတော့ နောက်ကပါလာတယ်။ တိုက်ဆိုင်သွားတာလား၊ ကိုယ့်အကြောင်းဘဲ သူတို့သိနေလို့လားတော့မသိ၊ အမှန်တကယ် ဒီလောကသားဆို ဘယ်လိုမှ ဒီလိုလိုက်လို့မရ။ကိုယ်နေတဲ့နေရာကနေ စီစဉ်ပေးတဲ့ ကားနဲ့ လာတယ်၊ ကားနဲ့ ပြန်ရတဲ့ အလုပ်၊ ကိုယ်က သူများတွေကို အချိန်ပြည့် လုပ်နိုင်တာမဟုတ်တော့ ဘောစိ စီစဉ်ပေးတဲ့ ကားနဲ့ ပြန်လို့မဖြစ်။
ဘောစိထားတဲ့နေရာမှာလဲ နေလို့မရ၊ သိတယ်မှုတ်လား ဒီအလုပ်မျိုးက အချိန်ပြည့်လုပ်ရတယ်၊ ထားတဲ့ နေရာမှာ နေရတယ် ခွင့်က တလ မှ ၂ ရက်လောက်ဘဲ ရတာဆိုတော့ မိဗျိုင်း လက်ရှိဘဝနဲ့ ဘယ်လိုမှမကိုက်။ဒီတော့ ဘောစိကိုအကျိုးအကြောင်းရှင်းပြပြီး အချိန်ပိုင်းလောက်ဘဲ လုပ်ခွင့်တောင်းရတာ၊ သူခွင့်ပြုတာကိုဘဲ ကျေးဇူးတင်ရမယ်။
တခြားသူဆို ဒီလိုအချိန်ပိုင်း ဘယ်ပေးလုပ်မလဲ၊ ဒါတောင် အရင်က မိဗျိုင်းတို့ရပ်ကွက်မှာ နေခဲ့ဘူးတဲ့ မစန်း ကျေးဇူး၊ သူဝိုင်းပြောပေးလို့၊ ဘောစိအတွက်လဲ မိဗျိုင်းလို လူရထားတာ ကံကောင်းပါတယ်။ ဒီလောကမှာ မိဗျို်င်းလို အရည်အသွေးပြည့်တဲ့သူက အရှားသားမဟုတ်လား၊ ဒါကထားပါ၊ သူလဲအကျိုးရှိ ကိုယ်လဲအဆင်ပြေ ဘဲစားဘဲချေ၊ အချိန်ပိုင်းလောက်ဘဲ လုပ်တော့ အသွားအပြန်တော့ ကိုယ့်ဟာကိုယ် တာဝန်ယူရတာပေါ့၊ ကိုယ့်တယောက်တည်းအတွက် ဘယ်သူက တကူးတက စီစဉ်ပေးမလဲ၊
ဒီလောကမှာ အဲလို အချိန်ပိုင်း လုပ်တာ မိဗျိုင်းတယောက်ဘဲ ရှိမယ်ထင်တယ်။ ဒီအလုပ်ကလဲ ပြောတော့ မာဆတ်၊ လာလိုက်ရင် စွပ်ချင်တဲ့သူချည်း၊ မိဗျိုင်းတို့ကတော့ စွပ်ချင်တိုင်း လက်မခံတတ်။လူပုံကြည့်သေးတယ်၊ ကြီးကျယ်တယ် မထင်နဲ့၊ စွပ်ချင်တဲ့သူတိုင်း ရော့အင့် ဆိုပြီး ပေးလို့ဖြစ်မလား၊ အဲလိုပေးချင်လို့ကတော့ ဒီမှာ ဘယ်လုပ်တော့မလဲ၊ ဟိုအတန်းဘဲသွားလိုက်မှာပေါ့။
လူပုံဆိုလို့ ဟိုသီချင်းထဲကလို ရုပ်ကလေး နဲနဲချောရင် ဝက်ကလေး နဲနဲထောရင် ဇတ်လိုက်မင်းသားလုပ်မှာဘဲ ဆိုတဲ့ကောင်မျိုးတွေကိုပြောတာ၊ အဲလိုကောင်မျိုးတွေ တော်ကီကောင်းကောင်းနဲ့ မိဗျိုင်းကို လာချွဲလို့ကတော့ စိတ်ပါလာရင် ဘယ်ပြောကောင်းမလဲ၊ တခါတည်း ပြန်ပြုစုလိုက်မယ်။
ကြေးကတော့ ထုံးစံအတိုင်းပေါ့၊ အဆစ်ရသွားမှာက မိဗျိုင်းရဲ့ အချစ်၊ ငြင်ငြင်သာသာလေး ဆန္ဒပြည့်ပြီး တသက်လုံး သတိရသွားမယ်၊ ဘာမှတ်လဲ။ မိဗျိုင်းဆီမှာ မွေးကတည်းကအကောင်းစားတွေ ပါလာပြီးသား၊ မယုံမရှိနဲ့၊ လက်နဲ့ထိရုံနဲ့ တဆတ်ဆတ်တုန်နေတဲ့ အကောင်တွေမှ အပုံ။
လောလောဆယ် ဒီ ၂ ကောင်ကို မျက်ခြေဖြတ်ဘို့ အရင်လုပ်ရမယ်။ ဘာလုပ်ရင်ကောင်းမလဲ အာ . . . အငှားကား တက်စီးလို့တော့မဖြစ်ဘူး နင့်နေအောင်ပေးလိုက်ရမှာ၊ ပိုက်ဆံကရှာရလွယ်တာမဟုတ်ဘူး။ဘတ်စ်နဲ့ဆိုရင်လဲ နောက်က ပါလာမှာ ကျိန်းသေတယ်။ ဘာလုပ်ရင်ကောင်းမလဲ၊ ဟော . . ဟိုမှာ တိုက်ဂေါတကောင်၊ ကားထွက်တော့မယ်၊ သူနဲ့လိုက်သွားပြီးမှ ကြုံရာနဲ့ ပြန်မယ်။
ကားမောင်းထွက််ခါနီး လမ်းရှင်းမရှင်း နောက်ကိုကြည့်နေတုန်း ဘေးက တံခါးကို ဂလပ် ဂလပ် နဲ့ ဆွဲဖွင့်တဲ့ အသံကြားတာမို့ လှည့်ကြည့်လိုက်တော့ အမျိုးသမီး တစ်ယောက်။ ကျော်သက် လှမ်းကြည့်လိုက်တော့ ပြုံးပြပြီး အထဲက ချထားတဲ့ လော့ချ်ကို ဖြုတ်ပေးဖို့ လက်ညိုးထိုးပြတယ်။ ကျော်သက်လဲ ဘာမှန်းမသိဘဲ ယောင်တောင်ပေါင်တောင်နဲ့ သူပြ တဲ့အတိုင်း လော့ချ်ကို ဖြုတ်ပေးလိုက်တော့ တံခါးဖွင့်ပြီး ခပ်တည်တည်နဲ့ ဝင်ထိုင်တယ်၊ ပြီးတော့ ‘ရပြီ မောင်းတော့’ တဲ့။
ဒါနဲ့ ကမန်းကတမ်း မောင်းထွက်လိုက်တော့ ‘ပွမ်’ ကနဲ မြည်သံနဲ့အတူ ဘေးက ကားက ဟွန်းတီးပြီး သူရှိနေကြောင်း ပြတယ်၊ သူ့အလွန်ကို စောင့်လို့ လမ်းကြောအတိုင်း မောင်းဝင်လိုက်ပြီးမှ ကျော်သက်စိတ်ထဲ အော်... ဒီအမျိုးသမီး ငါ့ကားကို အငှားကား မှတ်ပြီး တက်စီးတာနဲ့ တူတယ်လို့ အတွေးပေါက်သွားတယ်။ အမျိုးသမီးကို ကြည့်လို်က် တော့ သူက နောက်ကို လှည့်ကြည့်နေရာကနေ
“ တော်သေးတယ် ဟိုကောင် တွေ လိုက်မလာတော့လို့’
ဆိုပြီး ခပ်တိုးတိုး တစ်ယောက်တည်း ပြောသလိုပြောသံကြား တာနဲ့ ကျော်သက်လဲ ကြောင်သွားပြီး...
“ အင် ဘာကိုပြောတာလဲ”
“ အော် ဘာမှမဟုတ်ပါဘူး၊ လူ ၂ ယောက် မိဗျိုင်းနောက်ကို အတင်းလိုက်လို့”
“ ဟုတ်လား ကျနော် ဘာလုပ်ပေးရမလဲ”
ကျော်သက်က အဲဒီလို လူမျိုး၊ ဘာဆိုဘာမှ နားမလည်၊ နားမလည်လို့လဲ ဒီအချိန်ထိ ဒီလို ဖြစ်နေတာပေါ့။
“ လုပ်ပေးစရာမလိုတော့ဘူးလေ၊ ခု အကို့ကားနဲ့ မိဗျိုင်းကို ခေါ်လာတာ အကို ကူညီတာပေါ့”
“ အော်... အင်း ဟုတ်သားဘဲ”
ဒါလေးဘဲ ပြောပြီး ကားကိုဆက်မောင်းနေတဲ့ သူ့့ပုံစံကို ကြည့်ပြီး မိဗျိုင်း ရယ်ချင်လာ တယ်။ တကယ့်ကို အတီးအတ လူရိုး၊ ပုလင်းဖင်လောက်ထူတဲ့ သူ့မျက်မှန်အောက်က မျက်လုံးတွေထဲမှာ ရိုးသားမှုကို ရာနှုံးပြည့် နီးပါးလောက် တွေ့လိုက်ရတယ်။မိဗျိုင်း ဒီလောက်လူကဲခတ် မညံ့၊ မညံ့ဆို မိဗျိုင်း အလုပ်က လူပေါင်းစုံနဲ့ ဆက်ဆံနေရတာကိုး။ ဒါတင်ဘယ်ကမလဲ မိဗျိုင်းကို ကြည့်တဲ့ လူတွေက ဘယ်တော့မှ ရိုးရိုးသားသား မကြည့်၊ အရောင်တောက်နေတဲ့ မျက်လုံးတွေချည်း။
မိဗျိုင်း တွေ့ဘူးသမျှဆို ဒီလို အခွင့်အရေး ရလို့ကတော့ ရွှန်းရွှန်းဝေအောင် ပြောလိုက်မဲ့စကား၊ ပြီးတော့ ဘာညာ ဘာညာပေါ့။ ခုတော့ သူ့မှာ အဲဒါတွေမရှိ။
“ ခု ဘယ်မောင်းနေတာလဲ”
ရယ်ချင်စိတ်ကို မြိုသိပ်ပြီး သူမေးရမဲ့ မေးခွန်းကို မိဗျိုင်း မေးဖြစ်တယ်။
“ မသိဘူးလေ၊ ဒီလမ်းအတိုင်း တည့်တည့်မောင်းနေတာ၊ ဒီက ဒီက အဲ... ညီမက ဘာမှမပြောလို့”
သူ့အဖြေကို ကြားတော့ ရယ်ချင်စိတ်ကို အောက်ထားလို့မရတော့...
“ ခစ် ခစ် ခစ် ခစ်... ရပြီ ရပြီ ရှေ့နားမှာဘဲ ရပ်ပေးတော့ ကျေးဇူးဘဲ”
ဘာမှ ပြန်မပြောဘဲ မိဗျိုင်းပြောသလို ကားကိုရပ်ပေးတယ်၊ တံခါးဖွင့် ဆင်းမယ်လုပ်မှ ဘတ်စ် ကားတစီးက ဝေါကနဲ ကျော်တက်သွားတယ်၊ လူတွေ တိုးလို့တွဲလောင်းနဲ့။
“ ဒီနေရာမှာ ကားစောင့်စီးလို့ကတော့ မိုးလင်းသွားမယ်နဲ့ တူတယ်”
ဖြတ်သွားတဲ့ ဘတ်စ်ကားကို ကြည့်လို့ တစ်ယောက်တည်း ငြီးသလိုပြောရင်း ကားပေါ်ကဆင်းပြီး
“ ကျေးဇူးဘဲနော် အကို”
နှုတ်ဆက်စကားဆိုတော့ သူက “ရပါတယ်” ဆိုပြီး သူ့ကားကို မောင်းထွက်သွားတယ်။
ဟို ၂ ကောင် ရှုတ်လို့၊ နို့မို့ဆို ကားပေါ်ရောက်ပြီ၊ မိဗျိုင်းစီးနေကျ နေရာက ဒီလောက် အခြေအနေ မဆိုး၊ ဒီနေရာက တော်ရုံမလွယ်၊ လာမဲ့ကားတောင် ရပ်မဲ့သဘော မရှိ၊ သေချင်းဆိုးတွေ၊ လူကိုသက်သက် ဒုက္ခရောက်အောင် လုပ်တယ်၊ စိတ်ထဲက ဟို ၂ ကောင်ကို ဆဲပြီး ဘတ်စ်ကား လာမဲ့ဘက် ငေးရင်း စောင့်နေတုန်း အနောက်က...
“ ဟို ဟို ညီမ”
အသံကြားလို့ လှည့်ကြည့်လိုက်တော့...
“ ဟော အကိုပါလား၊ ဘယ်ကနေဘယ်လို”
မမျှော်လင့်၊ ဘယ်လိုမှ မမျှော်လင့်ဘဲ စောစောက သူ့ကို ချသွားတဲ့ အကို့ကို အနားမှာ ဘွားကနဲ တွေ့လိုက်ရတော့ အရမ်းအံ့အားသင့်သွားတယ်။
“ ဟို ဟို ဘတ်စ်ကား... ဟို... အရမ်းကြပ်နေမယ်ဆို အဲဒါ... ကျနော် လိုက်ပို့ပေးလို့ ရပါတယ်လို့ ပြော... ပြောမလို့”
အဲဒါသာကြည့် အကိုတို့ ရိုးပုံ၊ စောစောကတည်းက လိုက်ပို့ပေးရမလား ဘာလားမမေး၊ ခုတောင် ဒီလိုပြောဖို့ ဘယ်လောက် အားမွေးလိုက်ရတယ် မသိ၊ ပြောပြီး သူ့ဟာသူ မောနေသလိုလို၊ သူ့ကိုကြည့်ပြီး မိဗျိုင်းကတောင် ပြန်သနားသွားတယ်။
“ တကယ် ပြန်ပို့ပေးမလို့လား၊ မိဗျိုင်းနေတာ မြို့ပြင်နားမှာ ဝေးတယ်”
“ ရပါတယ်၊ အရေးမကြီးပါဘူး”
“ ဒါဆိုရင်တော့ ကျေးဇူးအရမ်းတင်ပါတယ် အကိုရာ၊ သမီးက မိဗျိုင်းကို မျှော်နေမှာ”
သမီးမျှော်နေမယ် ပြောလိုက်လို့ သူ့မှာ ဘာမှ ထူးခြားဟန်မပြ၊ သူ့စကားကိုပဲ ဆက်ပြောတယ်။
“ ကားကဟိုးရှေ့နားမှာ ရပ်ထားခဲ့တာ”
“ လာလေ၊ သွားတာပေါ့ ”
မိဗျိုင်းနဲ့ တွဲလျှောက်တော့ သူ့အရပ်ကြီး ကလန်ကလားနဲ့ ခေါင်းကြီး ငုံ့လို့ ရှက်နေသလိုလို၊ ခစ်... ခစ်... ခစ်... ဒီအကိုလား ရီရတယ်။အကိုက တကယ်တော့ မချော၊ ဒါပေမဲ့ ပြောရရင် သူ့မျက်နှာမှာ ရိုးသားခြင်းက အပြည့်အဝ၊ အရပ်က ကလန်ကလား၊ လူကပိန်ပိန်၊ မျက်နှာက စုတ်ချွန်းချွန်း၊ ပါးရိုးက နဲနဲငေါနေသေး၊ မျက်မှန်ကထူထူ၊ အသားက မဲမဲ
“ ခစ်... ခစ်... ခစ်... ခစ်... ”
ငါပြောလိုက်မှ အကို့မှာ ကောင်းကွက် တစ်ကွက်မှ မရှိတော့၊ ဒါပေမဲ့ မြင်မြင်ချင်း သူ့ပုံစံကိုကြည့်ပြီး မိဗျိုင်းခင်မိသည်။ မိဗျိုင်းစိတ်ထဲမှာ အလိုအလျှောက် အကို့ကို ယုံသည်။ အားကိုးမိသည်။ ဒါတောင် တွေ့ချိန်က ၁၅ မိနစ်မပြည့်သေး။ကားပေါ်ပြန်ရောက်တော့...
“ မိဗျိုင်းနာမည်က ခင်ခင်ထွေး တဲ့၊ အကို့နာမည်ကရော”
“ ကျော်... ကျော်သက်”
“ ကျော်ကျော်သက်လား”
“ ဟင်အင်း ကျော်သက်၊ ကျော်သက်”
“ အင်း... အင်း ကိုကျော်သက်ပေါ့”
ခေါင်းညိမ့်ပြတယ်၊ တော်တော်လေပေါတဲ့ အကို။ ဒီလိုလူမျိုး တခါမှ မကြုံဘူး။
“ မိဗျိုင်းကို မိဗျိုင်းလို့ဘဲခေါ် သိလား”
“ မိဗျိုင်း... ဟို ခင်ခင်ထွေးဆို”
“ အိုး ခင်ခင်ထွေးက လူနာမည်၊ မိဗျိုင်းက... ခစ်... ခစ်... ခစ်... ခစ်... ရှုပ်ကုန်ပြီ”
မိဗျိုင်းက သူ့ဖာသာပြောပြီး သူ့ဖာသာအတွေးပေါက်ပြီး ရယ်တယ် ပြီးမှ...
“ မိဗျိုင်းက ရင်းနှီးသူတွေခေါ်တာ ဒါကြောင့် အကိုလဲ မိဗျိုင်းလို့ဘဲ ခေါ်ဖို့ပြောတာ”
မိဗျိုင်းစကားကို ကြားတော့ သူက နှုတ်ခမ်းကွေးရုံ ပြုံးတယ်။ အမလေးဟဲ့... တို့အကို ပြုံးတတ်တယ်ဟ။ သူပြုံးတာကို မြင်တော့ မိဗျိုင်း နေရင်းထိုင်ရင်း စိတ်ချမ်းသာသွားတယ်။ ဘာလို့မှန်းမသိ။
“ ခုဘယ်ကိုမောင်းရမလဲ သိလား”
“ ဟင်အင်း ညီမ အဲ... အဲ... မိဗျိုင်း”
“ အင်း... အင်း ညီမဘဲခေါ်၊ သိလား အကို ညီမလို့ဘဲ ခေါ်၊ မိဗျိုင်းကို ဘယ်သူမှ ညီမလို့ မခေါ်ဘူးဘူး၊ အကိုခေါ်တာ နားထောင်လို့ ကောင်းတယ်”
ခု စာကလေးကြော် ခုဆီထမင်းဆိုပြီး မိဗျိုင်းကို ပြောချင်လဲပြောတော့၊ နာမည်လေး တစ်ခုကို ဟိုလိုခေါ်၊ ဒီလိုခေါ်လုပ်နေတဲ့ မိဗျိုင်းကို အကိုကတော့ ဘယ်လိုထင်မယ်မသိ၊ မိဗျိုင်းကတော့ စောစောက ညီမလို့ ခေါ်တာ သတိမထားလိုက်မိပေမဲ့၊ ခု သတိထား မိတော့ အကိုခေါ်တဲ့ ညီမဆိုတာ မိဗျိုင်းအတွက် တကယ့်ကို ဂွမ်းဆီထိ။
“ ညီမက ဘယ်မှာနေလို့လဲ”
“ အင်းစိန်ဘက်လေ သိလား”
“ အင်း”
ဒါနဲ့ စကားအင်မတန်နဲတဲ့ အကို့ကို မိဗျိုင်းက တလမ်းဟို ဟိုပြောဒီပြော ပြောရင်း တဖြေးဖြေး အကိုနဲ့ ရင်းနှီးလာပါရော။ ဒါမျိုးဆို မိဗျိုင်းတို့က ရတယ်၊ ကျောက်ရုပ်တောင် မိဗျိုင်းပြောလို့ကတော့ ခေါင်းညိမ့်သွားမယ်။ဒီလို မိဗျိုင်းကိုယ်တိုင် စိတ်ထဲက ခင်လို့ကတော့... ဟွန်း...
“ ဒီမှာ ဒီမှာ ဒီလမ်းကချိုးလိုက် အကို”
“ ဟော ဟော ဟိုရှေ့က လမ်းမှာ ညာဘက်”
“ ပြီးတော့ ရှေ့လမ်းမှာ ဘယ် ဘယ်ချိုး၊ ပြီးတာနဲ့ ညာပြန်ချိုး”
“ ရောက်ပြီ ရောက်ပြီ ဒီအိမ် တွေ့လား မိဗျိုင်းနေတာ အိမ်စုတ်၊ ဒါတောင် ငှားထားရတာအကိုရေ့”
“ သမီးရေ သမီး မေမေပြန်လာပြီ”
“ လာလေ... အကို ဆင်းပါဦး၊ ရေပဲရှိတယ် အကိုရေ သောက်စရာ၊ သောက်မလား၊ ခုမှ ထမင်းချက်ရမှာ၊ နေဦးအကို ဖျာခင်းပေးမယ်၊ ဖျာပေါ်မှာထိုင်၊ မိဗျိုင်းအိမ်မှာ ကုလားထိုင် မရှိဘူး အကိုရေ့”
“ လာ သမီး ဦးဦးကို နှုတ်ဆက်လိုက်၊ ဦးဦး နာမည်က ဦးကျော်သက်တဲ့ မှတ်ထားနော်၊ မေမေ့ သူငယ်ချင်း”
“ အကို ဒါ မိဗျိုင်းသမီးလေ၊ နာမည်က ဖြူဖြူချောတဲ့၊ ခလေးက ကံဆိုးတယ် အကို၊ အဲဒီမျက်နှာက အမှတ်ကြီးက မွေးကတည်းက ပါလာတာလေ၊ ဒါကြောင့် နာမည်လှလှလေး မှဲ့ထားတာ၊ သမီးနာမည် လှလား”
“ ဟုတ်တယ်၊ အကိုမြင်တဲ့အတိုင်း မိဗျိုင်းဘဝ၊ အမေတခု သမီးတခု၊ သူ့အဖေက ဆုံးသွားပြီ လူမိုက်ကြီး အကိုရေ့၊ မိုက်တာမှ ကန်းကုန်၊ သူများမိုက်တယ်ဆိုတာ သူအိပ်နေသလောက်လေး ရှိတာ။ နောက်ဆုံးမိုက်လွန်းတော့ သူများသတ်လို့သေရော၊ သမီး ငယ်ငယ်လေးကတည်းက၊ ခုတော့ ကိုယ့်ဟာကိုယ်ပဲ ရုန်းကန်နေရတာ၊ အမလေး မိဗျိုင်းဘဝကို သိရင် အကို မျက်ရည်တွေ အလုံးလိုက်ကျသွားမယ် အဟင်း... ဟင်း... ဟင်း”
“ မပြောချင်ပါဘူးအကိုရာ၊ ဘဝကိုက ဒီလိုအကျိုးပေးလာတာ ဘယ်လိုလုပ်မလဲ၊ ခု သမီးကလဲ လူကြားသူကြားမတိုးရဲဘူး၊ သူ့ကို ခလေးတွေက စကြ၊ နှိမ်ကြ ဆိုတော့ အိမ်မှာဘဲ အောင်းနေတာ၊ အမေ့ကိုဘဲ အဖေါ်လုပ်ရတာ၊ အမေမရှိရင် သူ့တစ်ယောက် တည်း အားငယ်နေတာ”
“ မိဗျိုင်းက တပတ်ကို ၃ ရက် ၄ ရက်လောက်ပဲ အလုပ်ဆင်းတာ၊ နေ့တိုင်း မဆင်းနိုင်ပါဘူး၊ သမီးကို တစ်ယောက်ထဲ ထားခဲ့ရတာ၊ ဘယ်စိတ်ချမလဲ။သမီးက ခုမှ ၅ နှစ်ကျော်ကျော်လေးပဲ ရှိသေးတာ၊ အလုပ်ဆင်းတဲ့နေ့ဆို သမီးအတွက် ချက်ပြုတ် ခူးခတ်ပြီး သွားရတာပေါ့၊ သူ့ကို ကြည့်ပေးမဲ့သူလဲ မရှိ၊ တယောက်တည်း ထားရတာပေါ့၊ ဘယ်တတ်နိုင်မလဲ အကိုရာ၊ ငတ်နေရင် ဘယ်သူမှ လာမကျေွးဘူး၊ အိမ်လခလဲ ပေးရသေးတယ်ဆိုတော့ အလုပ်က မလုပ်လို့လဲ မဖြစ်ဘူး အကိုရေ”
“ တော်သေးတာပေါ့၊ သမီးက လိမ်မာတယ်အကိုရ၊ သူ့ဖာသာသူ အိမ်မှာ အေးအေးလေး နေတာ၊ တွေ့လား ဒီကြမ်းပြင် သမီးတိုက်ထားတာလေ၊ ပြောင်နေတာဘဲ၊ သူနိုင်တဲ့ အလုပ်ဆို အကုန် အမေ့ကို ကူတာ”
“ ဟုတ်တယ် ဟုတ်တယ်အကိုရ၊ သမီးလဲ စကားနည်းတယ်၊ အမေ့ကိုပဲ ပြောတာ၊ တခြားသူဆို သိပ်မပြောဘူး၊ သူခင်တဲ့ သူမတွေ့သေးလို့နေမှာပါ၊ နောက် အကို့ကို ခင်သွားရင် အမလေး သာလိကာရှုံးအောင်ပြောမှာ၊ သမီး ဦးဦးကို ခင်တယ်မို့လား၊ အမလေး သမီးနဲ့ အကို့ကို အတူထားရင်တော့ တအိမ်လုံး ဆူညံနေတော့မှာဘဲ ခစ်... ခစ်... ခစ်... ခစ်”
“ အမလေး စကားကောင်းနေလိုက်တာ၊ ညနေစာ ချက်ရအုံးမယ် အကိုရေ၊ တော်သေးတယ် မနေ့က ဆန်ဝယ်ထားလို့၊ အကိုစားသွားမလား၊ ပိုချက်လိုက်မယ်”
“ အယ် တကယ်လား၊ ဆိုင်မှာ သွားစားမယ်၊ တွေ့လား သမီး ဦးဦးက ဘယ်လောက် သဘောကောင်းလဲ၊ မေမေတို့ကို ဆိုင်မှာကျွေးမှာတဲ့”
“ ဒါဆိုလဲ လမ်းမကြီးပေါ်က ဆိုင်မှာဘဲ သွားစားတာပေါ့၊ ဗမာထမင်းဆိုင်ပဲလေ၊ အကို စားတတ်တယ်မှတ်လား၊ နာမည်တော့ ကြီးတယ်အကိုရေ့၊ မိဗျိုင်းတော့ တစ်ခါမှ မစားဘူးဘူး၊ အားနာလိုက်တာ အကိုရာ၊ ခုမှတွေ့၊ အိမ်လဲလိုက်ပို့၊ ထမင်းလဲဝယ်ကျွေး ဆိုတော့”
“ ခစ်... ခစ်... ခစ်... ခစ်... ဒီလိုဘဲနေတတ်တယ် အကိုရ၊ မိဗျိုင်းတို့ကတော့ ခင်ရင် ဟန်မဆောင်ဘူး၊ တော်ကြာ မိဗျိုင်းကြောင့် အကိုပဲစိတ်ညစ်ပြီး ထွက်ပြေးမှာ”
“ ခုတော့ ပြောတာပေါ့၊ စောင့်ကြည့်အုံးမယ်၊ တကယ်ဟုတ်မဟုတ်၊ ဒါပေမဲ့ အကို့ကိုတော့ ယုံပါတယ်၊ မိဗျိုင်း တကယ်ပြောတာ”
“ အမလေး ဒီကားကြီးနဲ့ ထပ်သွားရင်တော့ ရပ်ကွက်ထဲက လူတွေတော့ မိဗျိုင်းတို့ကို အတင်း ပြောတော့မှာဘဲ။ ပြောပလေ့စေ၊ အပြောခံရတာနဲ့ တန်အောင် ခေါင်းကို မော်ပြီး စီးပြလိုက်မယ်၊ တစ်နေ့တစ်နေ့ သူများအတင်းဘဲ ထိုင်တုတ်နေတဲ့ဟာတွေ၊ သူတို့ကျ တော့ ကောင်းတာ မဟုတ်ဘဲနဲ့”
အဲဒီနေ့က ကျော်သက်တစ်ယောက် တစ်သက်လုံး မလုပ်ဘူးတဲ့ အလုပ်တစ်ခု လုပ်ဖြစ်ခဲ့တယ်၊ အဲဒါက မိန်းမတစ်ယောက်နဲ့ စကားလက်ဆုံကျလို့ ထမင်းလက်ဆုံ စားခဲ့တာလေ၊ ဘယ်သူရှိမလဲ အပေါင်းအသင်း မရှိတဲ့ ကျော်သက်ဘဝထဲကို ပထမဆုံး ဝင်လာတဲ့ သူနဲ့ပေါ့။
ခင်ခင်ထွေးတဲ့၊ ငယ်နာမည်က မိဗျိုင်းဆိုဘဲ၊ ကောင်မလေးက ဖြူဖြူဖွေးဖွေး လှလှပပလေး ဆိုတော့ မိဗျိုင်းလို့ ချစ်စနိုးခေါ်ရင်း ဒီနာမည် တွင်ခဲ့တာဖြစ်မယ်။ အင်း... သူ့ဘဝကလဲ သနားစရာ၊ ယောက်ျားကလဲ သူများသတ်လို့ သေပြီတဲ့။ လူမိုက်ကြီးတဲ့။ ဘယ်ကနေ ဘယ်လို လူမိုက်မယား ဖြစ်သွားလဲမသိဘူး။
ခုလဲ သမီးတစ်ယောက်နဲ့ သူ့ဘဝ သူရုန်း နေရတယ်။ ကလေးကလဲ ကံဆိုးရှာတယ်။ အမှတ်ကြီးကလဲ မျက်နှာတစ်ခြမ်းလုံး ဖုံးလုနီးပါး၊ ဆွေမရှိ မျိုးမရှိ၊ တကောင်ကြွက်ဆိုတော့ ပိုအားငယ်မှာပေါ့။အင်းလေ ငါ့ဘဝနဲ့ ဘာထူးလဲ၊ ငါလဲ တကောင်ကြွက်ပဲဟာ။ သူကမှ အမေနဲ့ နေရသေးတယ်။ အမေကလဲ သူ့ကို ချစ်လိုက်တာမှ တုန်လို့။
ငါကတော့ လူမှန်း သိကတည်းက အမေဆိုတာ မရှိတော့၊ အဖေနဲ့ဘဲ ကြီးလာတာ။ အဖေကလည်း င့ါကို စကားသိပ်မပြော၊ သူ့ဟာသူ သူ့အလုပ်နဲ့သူ၊ ငါ့ဟာငါ တစ်ယောက်တည်း နေခဲ့ရတာ။ ခု သူ့သမီးလဲ ငါ့လိုဘဲ နေမှာပေါ့။ ဒါပေမဲ့ ငါ့ထက်တော့ ကံကောင်းပါတယ်လေ။ သူ့မှာ စကားပြောစရာ အဖေါ် သူ့အမေတစ်ယောက်လုံး ရှိတာဘဲ။ ငါ့မှာသာ ဘယ်သူမှ မရှိတာ၊ အိမ်မှာ ထမင်းချက်၊ အိမ်အလုပ် လုပ်ဖို့ ခေါ်ထားတဲ့ ဒေါ်ညွှန့်ကလဲ ငါ့ကို လေးလုံး ကွဲအောင် စကားမပြော။
ကျောင်းသွားတော့လဲ သူငယ်ချင်းကမရ၊ ဘယ်ရမလဲ ကိုယ်ကမှ သူများတွေလို မနေတတ်တဲ့ဟာ၊ ပြေးလွှား ဆော့ကစားလဲ မလုပ်ချင်၊ ဟေးလားဝါးလားလဲ မပြောတတ်၊ လာပေါင်းတဲ့ သူတွေကိုလဲ ကိုယ်က ရင်းနှီးကြောင်း ပြန်မပြတတ်တော့ ဘယ်သူကမှ ကြာရှည်မပေါင်း။
စကားဆိုလဲ သူတို့ပြောမှ ကိုယ်က ခေါင်းညိမ့် ခေါင်းခါလောက်ဘဲ ပြန်လုပ်တာဆိုတော့ သူငယ်ချင်းဆိုတာမရ၊ ပြီးတော့ နေတဲ့နေရာကလဲ ဘောက်ထော် ခြံကျယ်ကြီးထဲမှာ တစ်ယောက်တည်း၊ အနီးအနား ပေါင်းစရာ ရွယ်တူမရှိ။
ဒီလိုနဲ့ ကျောင်းပြီးလို့ အလုပ်ဝင်ပါတယ်၊ မကြာပါဘူး အစိုးရက ငါ့ကို နိုင်ငံခြားလွှတ်ပြီး ပညာသင် ခိုင်းရော။ ခိုင်းမှာပေါ့၊ ဒီပရောဂျက်က တိုင်းပြည်အတွက် အရေးပါတာကိုး၊ တခြားသူ ဘယ်လွှတ်မလဲ၊ ငါက ကျောင်းစတက်ကတည်းက ဒီဘာသာကို စိတ်ဝင်စားလို့ ယူထားတာ။ဒီဘာသာနဲ့ ပတ်သက်လို့ကတော့ ထုံးလိုချေ ရေလိုနှောက်၊ ဒါကြောင့် အစိုးရက ကျောင်းပြီးတာနဲ့ ငါ့ကို အလုပ်တန်းခန့်တာ၊ ပါမောက္ခ ထောက်ခံတာလဲ ပါတာ ပေါ့။
ဒီတော့ ဒီပရောဂျက်အတွက် ငါ့ကိုဘဲ လွှတ်တာပေါ့။ ငါကလဲ သွားသင်ချင်ပါတယ်။ ဒီမှာက စာတွေ့လောက်ဘဲ ရှိတာ လက်တွေ့က ဘာမှရှိတာမှ မဟုတ် ဆိုတော့။သူများတွေကတော့ စာတော်ရင် ကျောင်းမှာဆရာ ပြန်လုပ်တာဘဲ၊ ငါကဆရာလုပ်တာ ဝါသနာမပါ၊ ဝါသနာမပါတာထက် သူများကို တတ်အောင် မသင်တတ်တာ။
အတန်း တူချင်း စာလာ မေးရင်တောင် မရှင်းပြတတ်၊ ငါ့ဟာငါဆို အကုန်သိ၊ အဲဒီသိတာကို သူများ ကို နားလည်အောင် ဘယ်လိုပြောရမှန်းမသိ၊ စာမပြောနဲ့ စကားတောင် ကဘောက်ထိ ကဘောက်ချာ၊ ခုထိ သူများနားလည်အောင် လယ်လယ်ဝယ်ဝယ် မပြောတတ်။
ဒါလဲပါတာပေါ့၊ ကိုယ်ကမှ ဆက်ဆံရေးမကောင်းတာ၊ ဘယ်သူက ပေါင်းချင်မလဲ၊ ကိုယ့်ကို ကိုယ်လဲ သိပါတယ် ။စကားလိပ်ပတ်လည်အောင် မပြောတတ်ဘူးဆိုတာ၊ လူတွေကသာ ငါ့အားနည်းချက်ကို နားမလည်တာ၊ အပြစ်မြင်ဘို့လောက်ဘဲ၊ ဒါကြောင့် လူတွေနဲ့ ခပ်ဝေးဝေးဘဲ နေတာ၊ နေရင်း တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ကပါလာရော၊
သူငယ်ချင်း၊ မိတ်ဆွေ ဆိုတာ ငါ့ဘဝမှာ တကယ့်ကို မရှိတဲ့အရာ၊ ခုထိ သာရေး နာရေးကိစ္စ တခါမှ မသွားဘူး၊ မသွားဘူးဆို ကိုယ့်အဖေ နာရေးတောင် ကိုယ်ကိုယ်တိုင် မဦးဆောင်ဖူး၊ နိုင်ငံခြားရောက်ပြီး ပညာသင်နောက်ဆုံးနှစ်မှာ အဖေက နှလုံးရောဂါနဲ့ ဆုံးရော။ ပြန်လာလို့လဲ မဖြစ်၊ အဖေ့ လူယုံ မိတ်ဆွေကြီး ရှေ့နေ ဦးသောင်းထွဋ်ကပဲ အစစအရာရာ အဖေ့ကိစ္စကို ဆောင်ရွက်ရတာ၊ အဖေ့ ပိုင်ဆိုင်မှု လုပ်ငန်းတွေကိုလဲ ရှေ့နေကြီးကပဲ ရောင်းတန်ရောင်း ငှားတန်ငှားနဲ့ သူဘဲ ဦးစီးပြီး အကုန်လုပ်တာ။
ငါက ဘာမှသိတာမဟုတ်၊ ငါသိတာက ပိုက်ဆံလိုရင် ရှေ့နေကြီး ပေးထားတဲ့ ချက်လက်မှတ်နဲ့ ဘဏ်တိုက်မှာ ငွေထုတ်လို့ ရတယ်ဆိုရုံ။ ဒါလဲ သိရုံသိတာပါ၊ တစ်ခါမှ မထုတ်ဖူးပါဘူး၊ ပိုက်ဆံက လိုမှမလိုဘဲ၊ အခြားအပိုကုန်စရာမှ မရှိတာ။ခုလဲ နိုင်ငံခြားက ပြန်လာပြီး ရှေ့နေကြီးက အရင်နေခဲ့တဲ့ ဘောက်ထော်က အိမ်နဲ့ ခြံ သံရုံးကို ငှားထားတယ်တဲ့။ ဝင်ငွေရအောင်တဲ့၊ ငါနေဘို့ ကွန်ဒို တစ်လုံး ဝယ်ထားတယ်တဲ့၊ အဲဒီမှာနေတဲ့။
စီးစရာ ကားက တစ်စီးပေးတယ်၊ ရှေ့နေကြီးက တော်တယ်၊ အားလုံးကို စေ့စေ့စပ်စပ် လုပ်တတ်တယ်၊ ပြီးတော့ စာရင်းနဲ့ အင်းနဲ့၊ ငါတခါမှ မကြည့်ဘူးပါဘူး၊ အဲဒါတွေ စိတ်မှ မဝင်စားတာ၊ ခု ရှေ့နေကြီး စီစဉ်တာ ကောင်းတယ်။အရင်နေခဲ့တဲ့ အိမ်ကြီးမှာ ငါလဲ မနေချင်ပါဘူး၊ တစ်ယောက်တည်း အိမ်ကအကြီးကြီး၊ ဘာလုပ်မှာလဲ၊ ခု ကွန်ဒိုလေးက ကောင်းတယ်။ အောက်ဆင်းလိုက်ရင် အနီးအနား စားသောက်ဆိုင်တွေ အပြည့်၊ အဆင်ကိုပြေလို့၊ ဒီတော့ ငါတစ်ယောက်တည်း နေချင်သလိုနေ။
တစ်သက်နဲ့တစ်ကိုယ် ဘယ်မိန်းမကိုမှ စိတ်မဝင်စားဘူးပါဘူး၊ တကယ်ပြောတာ၊ ငါက ကိုယ်တိုင်ကသာ ရုပ်ဆိုးတာ မိန်းကလေးဆို လှလှပပလေးမှ သဘောကျတာ။ သဘောကျတယ် ဆိုတာ... အင်း... ဘယ်လိုပြောမလဲ သဘောကျတာပေါ့၊ သဘောကျရုံ အဆင့်ပါဘဲ။ တစ်ခါမှ မပိုဘူးပါဘူး။ သဘောကျတဲ့ မိန်းခလေးကိုလဲ တစ်ခါမှ တစ်ကြိမ်ထက် ပိုပြီး မကြည့်ဘူးပါဘူး။
သူ့လမ်းသူသွား ငါ့လမ်းငါသွား၊ ပြန်လဲမဆုံ၊ ဆုံအောင် လုပ်လို့လဲမတတ်၊ ငါကိုယ်တိုင်ကလဲ အဖြစ်မရှိတာ ပါမှာပေါ့။ ငါ့ပုံကိုလဲ ဘယ်မိန်းကလေးမှ ကြိုက်မှာလဲ၊ ကြိုက်ဖို့ နေနေသာသာ ငါဘာကောင်လဲ ဆိုတာတောင် သိတဲ့သူက ခပ်ရှားရှား။ အင်း ငွေပေါကြောင်း ကြွားဝါပြီး ထင်ထင်ပေါ်ပေါ် နေလို့ကတော့ ကြိုက်မဲ့သူ ရှိချင်ရှိမှာပေါ့၊ ငါ့ကိုတော့ ဘယ်ဟုတ်မလဲ ငါ့မှာရှိတဲ့ ငွေကိုနေမှာပေါ့၊ ဒါမျိုး ငါလဲ မလိုချင်ပါဘူး။
အဲ... ခု မိဗျိုင်းကျတော့ တစ်မျိုး၊ စတွေ့ကတည်းက သူက ကိုယ့်ကို ရင်းနှီးသလို ဆက်ဆံတာ၊ ပွင့်ပွင့်လင်းလင်း၊ တကယ့် ငယ်ပေါင်းလိုမျိုး၊ ရှိုးတိုးရှန့်တန့် ဟန်ဆောင်ပန်ဆောင် သူ့မှာမရှိ၊ ကိုယ်ကသာ ဘာပြောလို့ ဘာလုပ်ရမှန်းမသိ။
ဖြစ်မှာပေါ့ တစ်ခါမှ ဒီလိုမျိုး မကြုံဖူးတာ၊ မိဗျိုင်းကတော့ သွက်တယ်၊ ငါ့ကို နားလည်တယ်။ အံ့ရော။ ငါ စကားကို ဆုံးအောင်တောင် ပြောဘို့မလို ဘာပြောချင်တယ်ဆိုတာ သူသိပြီးသား။ငါလဲ ဒီလိုမျိုးမှ ကြိုက်တာ။ ငါ့စိတ်ထဲကလဲ အလိုလို သိပြီးသား၊ သူင့ါကို တကယ်ခင်တယ် ဆိုတာ၊ သူ့ကို အိမ်လိုက်ပို့လို့၊ ကားကြီးစီးရလို့၊ ထမင်းဝယ်ကျွေးလို့ မဟုတ်ဘူးဆိုတာ။
ဖြစ်နိုင်ရင် မိဗျိုင်းတို့ သားအမိကို ငါ့မျက်စိအောက်မှာဘဲ ထားလိုက်ချင်တယ်၊ ဒီနေ့မှ တွေ့တယ်ဆိုပေမဲ့ တစ်ခါမှ မဖြစ်ဘူးတဲ့ သံယောဇဉ် ငါဖြစ်ခဲ့တာ၊ နေစမ်း ငါ့မျက်စေ့အောက်မှာ သူတို့သားအမိ၊ ငါထိုင်ကြည့်မယ်၊ ပြောစမ်း စကားတွေ တနေကုန်၊ ငါနားထောင်မယ်၊ အဲဒီလိုမျိုး ငါနေချင်တာ။ ခုမှသိတယ် ငါဘာလိုနေလဲဆိုတာ။
အကိုရေ၊ မိဗျိုင်းဘဝထဲကို မလာပါနဲ့၊ မိဗျိုင်းဘဝက ကြမ်းတယ် အကိုရေ့၊ မိဗျိုင်းကို ခင်လို့ကတော့ အကိုဘဲ သိက္ခာကျမှာ၊ မိဗျိုင်းက မိန်းမကောင်းမဟုတ်ဘူး၊ မိဗျိုင်း သိတာပေါ့။အကို့မျက်လုံးထဲမှာ သံယောဇဉ်တွေ မိဗျိုင်း တွေ့နေရတယ်၊ မိဗျိုင်း တွေ့ဖူးနေကျ လူတွေလို မိဗျိုင်းအသားကို စားချင်တဲ့ မျက်လုံးမျိုးမှ မဟုတ်တာ။ မိဗျိုင်းလဲ အကို့ကို ခင်ပါတယ်အကိုရယ်၊ ဒါပေမဲ့ အကိုရေ၊ မိဗျိုင်း ကိုမခင်ပါနဲ့။ အကိုနောက်ထပ် မိဗျိုင်းဆီ မလာပါစေနဲ့။ အကိုနဲ့ နောက်ထပ် မတွေ့ပါစေနဲ့။
မိဗျိုင်း ဒီလိုဘဲ ဆုတောင်းတယ် အကိုရေ့၊ စိတ်ထဲကတော့ တွေ့ချင်တာပေါ့။ မိဗျိုင်းက စိတ်မခိုင်ဘူး အကိုရေ့၊ မိဗျိုင်းကိုယ် မိဗျိုင်းသိတာပေါ့။ စိတ်မခိုင်လို့လဲ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ၊ ဒီလို ဘဝမျိုးရောက်တာပေါ့။ ဒါလဲ အမှတ်မရှိဘူး အကိုရေ့၊ မိဗျိုင်းက ပိုးဖလံမျိုး။ မီးကိုမှ တိုးချင်တာ။ တိုးချင်လို့ တိုးရတာ မဟုတ်ဘူး အကိုရေ၊ မိဗျိုင်းဘဝကိုက တိုးဖို့ အကြောင်းဖန်လာတာ။
မိဗျိုင်း ဒီရန်ကုန်ကို ရောက်တာ မကြာသေးဘူး အကိုရ၊ ဘာကြာသေးလဲ လွန်ရောကျွံရော ၂ နှစ်ပေါ့။ အရင်က ပဲခူးဘက်မှာ နေတာ၊ ပဲခူးဆိုပေမဲ့ မြို့ထဲဘက် ဘယ်ဟုတ်မလဲ၊ မြို့ပြင်နည်းနည်း ကျတာပေ့ါ။ အဲဒီမှာ ဆက်နေလို့မရတော့လို့ ပြောင်းလာရတာ၊ ဘယ်ပြောင်းချင်မှာလဲ၊ ကိုယ်မွေးခဲ့၊ ကိုယ်ကြီးပြင်းခဲ့တဲ့ နေရာကနေ၊ မပြောင်းမဖြစ်လို့ ပြောင်းရတာ၊ ဟိုအကောင်ကြောင့်လဲ ပါတယ်၊ မိဗျိုင်းလင်သေတာလဲ အဲဒီအကောင် ကြောင့်လို့ ပြောရင်တောင် ရတယ်၊ သိလားအကို။
မပြောချင်ပါဘူး ဒီအကြောင်းတွေကို၊ အကို မမေးပါစေနဲ့ပဲ ဆုတောင်းတယ်။ မေးလဲ မိဗျိုင်းက လိမ်မှာမဟုတ်ဘူး အကိုရေ၊ အမှန်အတိုင်းပဲ ပြောမှာ၊ ဟုတ်တယ်လေ။လူတွေကတော့ ပြောကြတာဘဲ၊ မိဗျိုင်းက လှတယ်ပေါ့။ မိဗျိုင်းနေတဲ့ အရပ်မှာ မိဗျိုင်း အလှဆုံး၊ အဲဒီလို လှလို့ပဲ မိဗျိုင်းလင်ရစောတာ။ ဘယ်ကလာ ရုပ်ရှင်ထဲက ဇာတ်လမ်းလို ဆင်းရဲသား ချောချောလှလှ ကောင်မလေးက သူေဋ္ဌးသား လူကောင်းသူကောင်းနဲ့ ညားမလဲ၊ အလကား၊ ဇာတ်လမ်းထဲမှာပဲ ရှိတာ။
အပျိုလဲဖြစ်ရော မိဗျိုင်းလဲ ရည်းစားရရော။ မလွန်ဘူး အကိုရေ။ ပတ်ဝန်းကျင်က ဒီလိုဘဲ တွန်းပို့ကြတာ၊ မိဗျိုင်း နေတဲ့ နေရာကတော့ ဒီကိစ္စ ထမင်းစားရေသောက်။ဟိုလူက ဒီလူနဲ့ အိပ်၊ ဒီလူက ဟိုလူနဲ့ အိပ်၊ ဟော တော်ကြာ နင့်ယောက်ျား ငါ့မိန်းမနဲ့ အိပ်လို့ ရန်ဖြစ်ပြန်ပြီ၊ ၇ အိမ်ကြား ၈ အိမ်ကြား အော်ကြ၊ အို ရှုတ်နေတာဘဲ။ အဲဒီကြားထဲ ကြီးလာတာ အကိုရ။
ရည်းစားက ဘမောင်လေ၊ မိဗျိုင်းထက် ၁၀ နှစ်လောက်တော့ ကြီးတာပေါ့၊ မိဗျိုင်း နေတဲ့ နေရာမှာတော့ သူက အာဏာကြီးတယ် အကိုရေ့၊ ဘယ်သူမှ မော်မကြည့်ရဲဘူး။အရပ်ပုလို့ မဟုတ်ဘူး အကိုရ၊ သူက လူမိုက်၊ ဒါကြောင့်၊ လက်ရဲဇက်ရဲ လူမိုက်သာ လုပ်တာ ရုပ်က မင်းသားရုပ်။ တောင့်တောင့်တင်းတင်းနဲ့၊ မိဗျိုင်းတို့ အပျိုပေါက်စတွေ စိတ်ကူးယဉ်တဲ့ ပုံမျိုးလေ။
အဲဒီတုန်းက သူက လူပျိုပေါ့၊ လူပျိုဆိုတာ တရားဝင် မိန်းမ မယူရသေးတာဆိုတဲ့ သဘောပါဘဲ။ မိဗျိုင်းသိတာပေါ့။ သူ့မှာ ရီးစား ၃ - ၄ ယောက်ရှိတယ် ဆိုတာ။ မိဗျိုင်းလဲ အပျိုဖြစ်ရော၊ သိတဲ့အတိုင်း ရပ်ကွက်ထဲ အားယားနေတဲ့သူတွေက ဘမောင်နဲ့ နင်နဲ့ဆို ရှေ့သွား နောက်လိုက် ညီတယ်ဆိုပြီး လုပ်ပါလေရော၊ အဲဒီမှာ သူကလဲ မိဗျိုင်းကို တကယ်ချစ်တယ် ဆိုပြီး စကားစရော ဆိုပါစို့ အကိုရေ့။
မ,စ နေမလား၊ သူ့ကောင်မ ၃ - ၄ ယောက် ပေါင်းတာတောင်မှ မိဗျိုင်းကို မမှီတာ။ သူ့ကောင်မတွေကို အကုန် ဖြတ်ပစ်မယ်၊ မိဗျိုင်းသာ လက်ခံလို့ကတော့ ချက်ခြင်း လက်ထပ်မယ် ဖြစ်ပါလေရာ။အဲဒီမှာ ညားတာပါဘဲ အကိုရေ၊ မိဗျိုင်းမှာ သူ့နဲ့ယှဉ်ပြီး ရွေးရမဲ့သူ ရှိမှမရှိတာ။ လက်ထပ်တော့ မိဗျိုင်းအသက် ဘာရှိအုံးမလဲ... ဟင်း... ဟင်း... ဟင်း... ဟင်း...။
ကောင်းပါတယ်၊ ယူခါစတစ်နှစ် နှစ်နှစ်၊ အမလေး မိဗျိုင်းကို ခေါင်းပေါ်တင်ထားတာ၊ ဘာလိုချင်လဲ ချက်ခြင်း၊ အဲဒီတုန်းက သူ့လို လူက ခေတ်ကောင်းတယ်လေ အကိုရ။ လူမိုက်လေ မိုက်ကြေးခွဲလို့ ရတဲ့ ပိုက်ဆံပေါ့။ အမယ် သူက မိုက်ကြေးခွဲရုံတင် မကဘူး၊ ကြေးစားလူမိုက်ပါ လုပ်တာ၊ နယ်မရွေးဘူး၊ အကိုသိလား၊ ပိုက်ဆံသာရမယ်ဆို ဘယ်သူ့ကို မဆို သူရိုက်ပေးတယ်။
နောက်တော့လဲ အကိုရာ၊ လူမိုက် ထုံးစံအတိုင်း ရုံးရောက် ဂတ်ရောက်၊ မိဗျိုင်းလဲ လူမိုက်မယား တဖားဖားပေါ့၊ ဟိုစခန်းလိုက် ဒီစခန်းလိုက်၊ ရဲတွေလဲ မကောင်းပါဘူး၊ မိဗျိုင်း ယောက်ျား ဝင်ရင် သူတို့အတွက် ရပေါက်။ ငွေ မဟုတ်ဘူး အကိုရေ၊ သိတယ်မှတ်လား၊ သူတို့လိုချင်တာ မိဗျိုင်းကို၊ မပေးလို့လဲ မရဘူး အကိုရ၊ အပေးအယူဆိုတာ ဒီလိုပဲ လုပ်ရတာပေါ့၊ နို့မို့ဆို သူထောင်ကျမှာပေါ့၊ အဲဒါမှ မိဗျိုင်း ဒုက္ခရောက်မှာ။
ဒီလိုဘဲ လုပ်ရတာပေါ့၊ ဒီကိစ္စက ရေဆေးလိုက်ရင် ပြောင်သွားတာဘဲ မဟုတ်လား၊ အဓိက,က သူမသိဖို့ပဲလေ၊ သူကိုတော့ ဘယ်အသိပေးလို့ဖြစ်မလဲ။သူလွတ်ဘို့ မိဗျိုင်း ဘာပေးလိုက်ရတယ် ဆိုတာသိရင် နောက်တစ်မှုက ထပ်တိုးမှာ စိုးရသေးတယ်။ နောက်ပိုင်း လူမိုက်အလုပ်က ခေတ်မကောင်းတော့ သူဘယ်သူနဲ့ ပေါင်းမိလဲသိလား၊ မြို့ထဲက သူဋ္ဌေးသား ဝင်းလတ် ဆိုတဲ့ အကောင်။
ဒီကောင့်အဖေက မြို့ထဲ ပွဲရုံတွေ ဘာတွေ ပိုင်တယ်၊ သူေဋ္ဌးသား ဆိုတဲ့အတိုင်း အကောင်းတော့ ဘယ်ဟုတ်မလဲ ဆေးသမား၊ မိဘပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ အကောင်၊ နောက်တော့ ဘယ်သူ မြှောက်ပေးလိုက်တယ် မသိဘူး၊ ချဲဒိုင် ကိုင်ပါရော၊ အဲဒီမှာ မိဗျိုင်းယောက်ျားက သူ့လက်ရုံးတော် ဖြစ်လာတာ။ပြီးတော့ ထုံးစံအတိုင်းပေါ့ အကိုရာ၊ မိဗျိုင်းတို့အိမ်ကို ရောက်လာတယ်၊ မိဗျိုင်းနဲ့ တွေ့တယ်၊ သူက မိဗျိုင်းနဲ့ဆို ရွယ်တူလောက်ပေါ့။
သူဌေးသားဆိုတဲ့ အတိုင်း ဖြူဖြူချောချော၊ အပြောကောင်းကောင်း ဆိုတော့ မိဗျိုင်းလဲ ပါတာပေါ့၊ အဲဒါပြောတာပေါ့ အကိုရ မိဗျိုင်းက စိတ်မခိုင်ဘူး ဆိုတာ၊ ယောက်ျားတွေလဲ မကောင်းပါဘူး၊ ကိုယ့်ဟာကိုယ်နေတာ သူတို့က မိဗျိုင်းကို မပါ,ပါအောင် အမျိုးမျိုး လုပ်တယ်။ တကယ်ဆို သူတို့က ရှောင်ရမှာ။ပြောရရင် အကိုရေ တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး၊ အဲဒီ အကောင်နဲ့ မရှင်းမရှင်း ဖြစ်မှဘဲ မိဗျိုင်း ကိုယ်ဝန်ရရော။
ကလေးက ဘမောင် ကလေးလား၊ ဝင်းလတ် ကလေးလား၊ မဗျိုင်း တကယ်မသိဘူး အကိုရ၊ မိဗျိုင်း မွေးတာဆိုတော့ မိဗျိုင်း သမီးပေါ့၊ ကလေးက ကံဆိုးရှာပါတယ် အကိုရာ၊ အကိုမြင်တဲ့အတိုင်း အမှတ်ကြီးက သူ့ရုပ်ကို ဖျက်နေတာ။အဲဒါကြီးသာ မရှိရင် သမီးက မိဗျိုင်းနဲ့ တစ်ပုံစံတည်းလိုဖြစ်မှာ ဖြူဖြူချောချောလေးလေ၊ ဒါကြောင့် သမီးနာမည်ကို ဖြူဖြူချောလို့ မှည့်လိုက်တာ။
ကလေးမွေးပြီးတော့ မကြာပါဘူး၊ ပြသနာတွေ တက်ပါရော၊ ချဲဒိုင်တွေ နယ်မြေလုတာလား ဘာလား၊ အို ရှုတ်ယှက်ခတ်နေတဲ့ကြား မိဗျိုင်းယောက်ျား ဒါးထိုးခံရပြီး သေရော၊ ဟိုသဌေးသား အသိုင်းအဝန်းကလဲ သူ့သားကို အဲဒီ အရှုပ်အထုတ်တွေ ကြားက ဆွဲထုတ်တာပေါ့။
မိဗျိုင်းဆီ ဘယ်ပေးလာတော့မလဲ၊ မိဗျိုင်းလဲ အဲဒီမှာနေလို့ ဘယ်ဖြစ်တော့မလဲ၊ ပြောင်းပြေးရတာပေါ့။ ဒါနဲ့ ရန်ကုန်ရောက်လာတာ အကိုရ၊ ရောက်စကတော့ သမီးကလဲ ငယ်သေး၊ မိဗျိုင်းလဲ ဘာမှမလုပ်တတ်တော့ ထိုင်စားပေါ့၊ ဟိုက အခြေဖျက်ခဲ့လို့ ကျန်ခဲ့တဲ့ ငွေလေး နဲနဲပါးပါးရယ်၊ ဟိုအကောင်ဆီက ရခဲ့တဲ့ ငွေရယ်နဲ့ပေါ့။
အိမ်ငှားကလဲ စပေါ်တင် ရသေးတယ်။ နောက်တော့ အရဲစွန့်ပြီး အလုပ် ထွက်လုပ်ရတော့တာပေါ့၊ ပါလာတဲ့ ပိုက်ဆံက တစ်သက်လုံး ထိုင်စားနေလို့မှ မလောက်တာ၊ ဒီအလုပ်လုပ်တာ တစ်နှစ်နီးပါး ဘဲရှိသေးတာ၊ မိဗျိုင်းလဲ ဒီအလုပ်မျိုး မလုပ်ချင်ပါဘူး။ဘယ်တတ်နိုင်မလဲ ဒါမလုပ် ဘာသွားလုပ်မလဲ၊ ဒီခေတ်ကြီးမှာ ငွေ လွယ်လွယ်ရတာဆို ဒါပဲရှိတဲ့ဟာ၊ မိဗျိုင်းလို ပညာမတတ် ဘာမတတ် ဘယ်သူက အလုပ်ခန့်မှာလဲ။ ခန့်တယ်ထားအုံး သမီးတစ်ယောက်နဲ့ ဘယ်လို စားမလဲ ဘယ်လိုနေမလဲ၊ အကိုစဉ်းစားကြည့်။
အဲဒါတွေကို အကိုသာသိရင် မိဗျိုင်းကို ဘယ်ခင်တော့မလဲ နော့၊ မခင်တော့တဲ့အပြင် မိဗျိုင်းကို အပျက်မလို့ ပြောမှာပေါ့၊ ဒါတွေကို အကိုမေးရင်တော့ ပြောပြချင်ပါတယ်၊ အမှန်အတိုင်းပေါ့၊ မိဗျိုင်းအကို့ကို ဘယ်တော့မှ မလိမ်ပါဘူး။ မိဗျိုင်းဘဝကို မိဗျိုင်း နားလည်ပါတယ်၊ မိဗျိုင်းထင်တယ်၊ အကိုက သာမန်ထဲကတော့ မဖြစ်နိုင်ပါဘူး၊ ဒီလိုကားကြီး စီးတယ်ဆိုကတည်းက အကို့ အခြေအနေ မိဗျိုင်း အကဲခတ်မိပါတယ်။
အကိုက ခင်တယ်ဘဲထားဦး အကို့အသိုင်းအဝန်းက ဘယ်လက်ခံမလဲ၊ မိဗျိုင်း သိပါတယ်။ မိဗျိုင်းဘဝ။ အကို့ဆီက ခင်မင်မှုလေးတော့ မိဗျိုင်း လိုချင်ပါတယ်၊ ဒါပေမဲ့ အကိုရယ် မိဗျိုင်းဆီ နောက်ထပ် မလာပါနဲ့နော်။တစ်ခါမှ ဒီလိုမလုပ်ဘူး၊ သူများတွေလဲ ဒီလိုခင်ရင် သွားသွား လည်ကြသလားမသိဘူး၊ ဒီအတိုင်း သွားလို့မကောင်းဘူး ထင်တယ်၊ တစ်ခုခု ဝယ်သွားပြီး လက်ဆောင်လေး ဘာလေး ပေးရင်း သွားရင်ကောင်းမယ်၊ လူကြီးကိုတော့ ပေးလို့မကောင်းဘူး ထင်တယ်။
ငါလဲ မပေးရဲဘူး၊ သူ့အတွက် ဝယ်ပေးရင် ငါ့ကို တစ်မျိုးထင်မလား မသိဘူး၊ အို ကလေးအတွက် အကျႌလှလှလေး ဝယ်သွားမယ်၊ ပြီးတော့ စားဖို့ မုန့်တွေ ဝယ်သွားမယ်၊ သူ့အမေလဲ စားလို့ ရတာပေါ့။ ဒီနေ့ သူအလုပ်ဆင်းမလား မသိဘူး၊ မဆင်းဘူး ထင်တယ်၊ နေ့တိုင်း မဆင်းဘူးဆိုတော့ တစ်ရက်ဆင်း၊ တစ်ရက်နား ဖြစ်မယ်။
ကျော်သက်တစ်ယောက် မနက်ကတည်းက ချီတုံချတုံ၊ လုပ်ရ နိုးနိုး မလုပ်ရ နိုးနိုး၊ တစ်ယောက်တည်း အပြန်အလှန် စဉ်းစားရင်း နောက်ဆုံး စိတ်ထဲက ဆန္ဒကို မလွန်ဆန်နိုင်။ဘဝမှာ ဖြစ်တောင့်ဖြစ်ခဲ ခင်မင်မှု၊တမင်တကာ မလုပ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတာ၊ သူလဲ ငါ့ကို တကယ်ခင်တာဘဲ ဖြစ်မယ်ဆိုတာ စိတ်ထဲက အလိုလိုနေရင်း ယုံနေတာ၊ မတွေ့ဘဲ မနေနိုင်တာကတော့ ဘာဖြစ်လို့မှန်းကို မသိ။
ဒါနဲ့ဘဲ အလုပ်က စောစောဆင်းလို့ စတိုးဆိုင် တစ်ခုထဲ ဝင်ပြီး မျက်စိထဲ သဘောကျရာတွေ ကောက်ဝယ်လိုက်တယ်၊ ဒီအကျႌလေးကတော့ သမီးနဲ့ လိုက်မှာ အရမ်းလဲ မဆန်းဘူး။
ရိုးရိုးလေး၊ ဒါလေးကိုတော့ သူ့အမေအတွက် ဝယ်ပေးချင်သား၊ ဝယ်သွားရင် ကောင်းမလား၊ ဝယ်သွားလိုက်မယ်လေ၊ ဘာဖြစ်လဲ၊ သမီးတစ်ထည်၊ အမေတစ်ထည် ပေးတာဘဲဟာ။ အော် မေ့တော့မလို့ မုန့်၊ မုန့်လဲ ဝယ်ရမယ်၊ မနက်ဖြန် သူ့အမေက အလုပ်ဆင်းမှာဆိုတော့ ကိတ်မုန့် ဝယ်သွားမယ်၊ သမီး မနက်ဖြန် စားလို့ရတာပေါ့။ ကိတ်မုန့်က နဲနဲ ကြာကြာခံမယ် ထင်တယ်။
လက်ဆောင်ပစ္စည်းတွေ ကားပေါ်တင်ပြီး မနေ့ကလာခဲ့တဲ့ လမ်းအတိုင်း မောင်းခဲ့တော့ ရင်ထဲက ကတုန်ကရင်၊ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ လက်ဖျားခြေဖျားတွေတောင် အေးလို့။လှည့်ပြန်ရင် ကောင်းမယ်ထင်တယ်လို့ စဉ်းစားမိတာကလဲ ခဏခဏ၊ ပြန်လှည့်မလို့ လုပ်ရင်းလုပ်ရင်းနဲ့ အိမ်ရှေ့ရောက်လာတယ်။ ကားကို စက်သတ်ပြီး ဟင်းကနဲ ရင်ထဲက တင်းထားသမျှ လျော့ချလိုက်တယ်။ ကားပေါ်ကနေ အိမ်ပေါက်ဝ လှမ်းကြည့်လိုက်တော့ ပြေးထွက်လာတဲ့ မိဗျိုင်း။ဝယ်လာတဲ့ အထုပ် ၂ ထုပ်ကို ဆွဲပြီး အိမ်ပေါ်လှမ်းတက်တော့ မိဗျိုင်းက...
“ အယ် အကို မိဗျိုင်းဆီလာလည်တယ်၊ လာ... လာ... သမီးရေ ဦးဦးကို ဖျာခင်းပေးပါအုံး၊ ထိုင်... ထိုင်... ခဏထိုင်အုံး အကိုရေ၊ ခဏနော် ခဏ၊ သမီး ဦးဦးကို ဧည့်ခံထား”
ပြောရင်း အတွင်းခန်းထဲ မိဗျိုင်း ပြေးဝင်သွားတယ်။ သမီးခင်းပေးတဲ့ ဖျာပေါ် ဝင်ထိုင်ရင်း လှမ်းပြုံးပြတော့ သမီးက ငိုမဲ့မဲ့လေး ပြန်ပြုံးပြတယ်။ ကလေးက ကြောက်နေလားမသိ။ငါ့နဲ့နော် သမီးကို ဘာပြောရမှန်းမသိ၊ ဦးဦးကို ကြောက်နေလားလို့ မေးလိုက်ချင်သား၊ ဘယ်လို မေးရမှန်းမသိ၊ ကလေးက ကျုံ့ကျုံ့လေး ရှေ့မှာ ဝင်ထိုင်ရင်း ပါလာတဲ့အထုပ်ကို လှမ်းကြည့်တယ်။ ဒီတော့မှ သတိရပြီး...
“ သမီးစားဖို့ မုန့်ဝယ်လာတယ်”
လို့ ပြောရင်း အထုပ်ကို ဖြေလို့ အထဲက ကိတ်မုန့်ဘူးကို ကမ်းပေးတော့ သမီးက မယူ၊ ခေါင်းခါပြတယ်။
“ ယူပါသမီးရဲ့၊ သမီးစားဖို့ ဝယ်လာတာ”
သမီးက ခေါင်းခါပြပြန်တယ်။ ငါကလဲနော် သမီးကို ယူအောင် ဘယ်လိုပေးရမှန်းမသိ။ သမီးက လှမ်းယူလိုက်ရင် အရမ်းကောင်းမှာ။ ပေးမိတာတောင် မှားပြီလားမသိ။ ငါကလဲ ဘယ်လိုပေးရမှန်း မသိ၊ သမီးကလဲ မယူ ဂွကျနေတုန်း။
“ အမလေး သမီးနဲ့ အကိုတို့ စကားကောင်းနေကြတယ် ထင်တယ်”
ပြောပြောဆိုဆို အတွင်းခန်းက ပြန်ထွက်လာတဲ့ မိဗျိုင်းကြောင့် လှမ်းကြည့်လိုက်တော့ စောစောကထက် သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ထားတာတာမို့ ဘာကြောင့် အတွင်းခန်းထဲ ပြေးဝင်သွားလဲဆိုတာ သဘောပေါက်သွားတယ်။
“ ဘာတွေများ ဝယ်လာတာလဲ အကိုရဲ့၊ ဒုက္ခရှာလို့”
“ အော် သမီးကိုပေးနေတာလား၊ သွားယူလိုက်လေ သမီးရဲ့၊ ဦးဦးက သမီးစားဖို့ ဝယ်လာတာတဲ့”
မိဗျိုင်း ဝင်ပြောမှ သမီးက လှမ်းယူတယ်။ သူ့သမီးအကြောင်း သိတယ်ထင်တယ်။
“ ဘာလဲ သမီးက ဦးဦးကို ကြောက်နေတာလား၊ မကြောက်ပါနဲ့ သမီးရဲ့၊ ဦးဦးက သဘောကောင်းပါတယ်၊ သွားလေ ဦးဦး အနား၊ မုန့်ဘူးကို ဖွင့်ခိုင်းလိုက်လေ၊ အကိုကလဲ သမီးကို မုန့်ဘူး ဖေါက်ပေးလိုက်ပါဦး”
ကလေးက မရဲတရဲ အနားကပ်လာပြီး မုန့်ဘူးကို လှမ်းပေးတယ်။ ကျော်သက်က ဖေါက်ပြီး လှမ်းပေးတော့...
“ ဦးဦးကိုလဲ တစ်ခုကျွေးလိုက်အုံးလေ သမီးရဲ့၊ ပြောလေ သမီးကလဲ ဦးဦးလဲ စားလို့”
သမီးက မပြောရဲ၊ စိမ်းနေလို့ထင်တယ်။ ဒါကိုအကင်းပါးတဲ့ မိဗျိုင်းက...
“ သမီးကလဲ ပြောပါ၊ ဟိုမှာ ဦးဦးက သမီးက စားလို့ ပြောမှ စားမှာတဲ့”
“ ဦးဦး... လဲ... စားလေ”
သမီးက အရဲစွန့်ပြောပြီး ရှက်ကိုးရှက်ကန်းနဲ့ သူ့အမေဆီ ပြေးဖက်တယ်။ သမီး အမူအရာကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်။ မိဗျိုင်းတို့ လည်ချက်၊ သမီးနဲ့ ရင်းနှီးအောင် လုပ်တတ်တယ်။
အပိုင်း ( ၂ ) ဆက်ရန် >>>>
No comments:
Post a Comment